အမေရိကန်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump တို့ တွန်းအားပေး မဲဆွယ်စည်းရုံး နေကြပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်မယ့် ပြည်နယ် ၇ ခုထဲက တခုဖြစ်တဲ့ Pennsylvania ပြည်နယ်မှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Trump က မဲဆွယ်ပွဲကျင်းပခဲ့သလို၊ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဖြစ် Harris ကတော့ အိမ်ဖြူတော်နဲ့ မလှမ်းမကမ်း ဝါရှင်တန်ဒီစီမှာ မနေ့ညနေပိုင်းက မိန့်ခွန်းပြောခဲ့ပါတယ်။
ဒုသမ္မတ Harris မိန့်ခွန်းမှာတော့ သမ္မတဖြစ်တဲ့အခါ လုပ်ရမယ့် ကိစ္စတွေကို စာရင်းပြုစုပြီး၊ လူမှုဘဝတိုးတက်ရေးအတွက် လုပ်ဆောင်မယ်လို့ ကတိပြုခဲ့တဲ့ တချိန်တည်းမှာပဲ Trump ကတော့ သူ့ဖို့သူသာ အာရုံစိုက်ပြီး သမ္မတသက်တမ်းသစ်ကို ရန်သူစာရင်းနဲ့ စတင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
မနေ့က ဒုသမ္မတ Harris မိန့်ခွန်းပြောခဲ့တဲ့နေရာဟာ လက်ရှိသမ္မတ Joe Biden ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်စဉ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းက Trump ထောက်ခံသူတွေကို မိန့်ခွန်းပြောခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ သမ္မတဟောင်း Trump မိန့်ခွန်းအပြီး သိပ်မကြာခင်မှာပဲ ဆန္ဒပြလူအုပ်က သမ္မတဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရကြောင်း အတည်ပြုပေမဲ့ လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။
ဒုသမ္မတ Harris ကတော့ လွန်ခဲ့တဲ့ လေးနှစ်နီးပါးက ဒီနေရာကနေ ရပ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒကို လွှမ်းမိုးဖို့အတွက် လက်နက်ကိုင်လူအုပ်ကြီးကို စေလွှတ်ခဲ့တဲ့သူလို့လည်း မိန့်ခွန်းထဲမှာ Trump ကို ဝေဖန်ခဲ့ပါတယ်။
စစ်တမ်းတွေအရတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြည်နယ်တွေမှာ သမ္မတဟောင်း Trump နဲ့ ဒုသမ္မတ Harris တို့ တဖက်နဲ့တဖက် အသာသိပ်မရကြပဲ ပြိုင်ဆိုင်မှုပြင်းထန်နေတာ တွေ့ရပါတယ်။ ဖလော်ရီဒါတက္ကသိုလ်ရဲ့ ရွေးကောက်ပွဲစစ်တမ်းတွေအရ လာမယ့်အင်္ဂါနေ့မှာလုပ်မယ့်ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒရှင် ၄၉ သန်းလောက် ကြိုတင်မဲတွေပေးထားကြပြီးဖြစ်ပါတယ်။
Forum