သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်အခြေချသူများအပေါ် အရေးယူမှု Trump ခုခံချေပ


အမေရိကန် နိုင်ငံထဲမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အရေးယူချင်တယ် ဆိုရင် သူတို့ဆီက ကလေးငယ်တွေကို အဝေးမှာ ရွှေ့ထားရမှာ ဖြစ်ပါတယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။

အင်္ဂါနေ့ ဝါရှင်တန်ဒီစီက အသေးစား စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတ Trump က မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကိုနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အမေရိကန်တောင်ပိုင်းကနေ နိုင်ငံတွင်းတရားမဝင် ဝင်ရောက်လာသူတွေရဲ့ ကလေးငယ်တွေကို သူတို့ရဲ့ မိဘတွေ၊ တခြားအရွယ်ရောက်ပြီးသား အတူလာသူတွေနဲ့ ခွဲပြီး သီးခြားထားတဲ့ Trump အစိုးရအဖွဲ့ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ တိုးလာတာကို သမ္မတက ဆက်ပြီး ခုခံပြောဆိုနေတာ ဖြစ်ပါတယ်။

သမ္မတ Trump က ဒီအခြေအနေကို ရင်ဆိုင်ဖို့ ရွေးစရာ လမ်း ၂ လမ်းပဲရှိပြီး ဒါကတော့ နယ်စပ်ဒေသကို လုံးဝဖွင့်ပေးလိုက်ဖို့ ဒါမှမဟုတ် ရာဇဝတ်မှုဆိုင်ရာ အရေးယူဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအထဲမှာ တတိယလမ်းအနေနဲ့ မိသားစုတွေကို တစုလုံး ပြန်ပြီး ပို့ရမယ့် လမ်းကို ရွေးချယ်ခွင့် - လွှတ်တော်ကနေ သူ့ကို ပေးစေချင်တယ်လို့လည်း သမ္မတက ပြောပါတယ်။

ကျွန်တော်တို့မှာ နယ်စပ်လုံခြုံရေးဆိုတာ မရှိဘူးလို့ သမ္မတ Trump က ပြောကြားလိုက်ပြီး အခုအခါမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ခိုးသွင်းမှုဟာ သမိုင်းမှာ အဆိုးဆုံး အနေထား ရောက်လာတယ်လို့လည်း ပြောပါတယ်။

သမ္မတ Trump က သတင်းမီဒီယာတွေကိုလည်း မကျေမနပ်ဝေဖန်ခဲ့ပါတယ်။ သတင်းမီဒီယာတွေဟာ သူတို့သတင်းတွေကနေ တဆင့် လူမှောင်ခို ခိုးသွင်းသူတွေကို အားပေးအားမြှောက် လုပ်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒီလူမှောင်ခိုသမားတွေဟာ တရားရေးဟာကွက် တွေ အပေါ်မှာ အမြတ်ထုတ်နေတယ်လို့ပါ သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG