သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက်အပေါ် ကန် ရောက် မြန်မာတွေ စိုးရိမ်


indianapolis မှာ ကျင်းပနေတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာတိုင်းရင်းသားများ (ဓါတ်ပုံ- Elaisa Vahie’s Facebook)
indianapolis မှာ ကျင်းပနေတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာတိုင်းရင်းသားများ (ဓါတ်ပုံ- Elaisa Vahie’s Facebook)

(Zawgyi/Unicode)

သမ္မတ Donald Trump ရဲ့ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုအသစ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်နေတဲ့ မြန်မာတိုင်းရင်းသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သူတို့မိသားစုဝင်တွေကို အပြီးခေါ်ယူခွင့်မရတော့မယ့် အခြေအနေအတွက် စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် သမ္မတ Trump ရဲ့အမိန့်ကြေညာချက်မှာ လူတစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ ကင်းလွတ်ခွင့် စဉ်းစားသွားမယ်လို့ ဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဇန်နဝါရီလကုန်က သမ္မတ Trump ပြဌာန်းလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တဲ့ ခြောက်နိုင်ငံထဲမှာ မြန်မာထည့်သွင်းခဲ့ပြီးနောက်ပိုင်း အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတွေဘက်က စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။ အများစုဟာ အရင်ကတည်းက မိသားစုဝင်တွေနဲ့ နှစ်ပေါင်းအတော်ကြာ ဝေးကွာနေသူတွေဖြစ်ပြီး မိသားစုဝင် တွေခေါ်ယူရေး အစကတည်းက အခက်အခဲတွေရှိနေတဲ့ကြားက အခုလို ကန့်သတ်မှုကြောင့် ပိုပြီး ခက်ခဲသွားမလားဆိုပြီး စိုးရိမ်နေကြတာပါ။

သမ္မတ Trump ရဲ့ ဗီဇာကန့်သတ်ချက်အပေါ် နယူးယောက်ရှေ့နေရဲ့အမြင်သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဖေဖေါ်ဝါရီလ (၈)ရက် စနေနေ့က အင်ဒီယားနားပြည်နယ် Indianapolis မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေစုဝေးပြီး သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုကြောင့် သူတို့ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကို စီစဉ်သူ တဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ်အခြေစိုက် BACI (Burmese American Community Institute) ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie အေလိုင်ဇာဗာနီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အထူးသဖြင့်တော့ မိသားစုတွေပေါ့လေ ၊ သူတို့သားသမီးတွေကို ခေါ်လို့မရတော့ဘူး ၊ လင်မယားကိုလည်း ခေါ်လို့မရတော့ဘူး၊ သူတို့ အဖေအမေကိုလည်း ခေါ်လို့မရတော့ဘူး ။ Visit နဲ့တော့ ခေါ်လို့ရတာပေါ့နော်။ ဒါပေမယ့် ဒီကိုပြောင်းရွှေ့ပြီးတော့မှ နေထိုင်ခွင့်မရတော့ဘူး ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့နော်။”

လက်ရှိ အင်ဒီယားနားပြည်နယ်မှာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်နေတဲ့ လူဦးရေ ခန့်မှန်းချေ သုံးသောင်းကျော်လောက်ရှိပြီး အမေရိကန်တဝှမ်း စုစုပေါင်းလူဦးရေ သုံးသိန်းကျော်လောက်ရှိတယ်လို့ Elaisa Vahnie က ဆိုပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို Immigrant ရွှေ့ပြောင်းအခြေစိုက် ဗီဇာနဲ့ ခေါ်ယူရေး အတော်လေး ထိခိုက်မယ့်သူ ရာနဲ့ချီ အများအပြားရှိနေတယ်လို့လည်း သူက အခုလိုပြောပါတယ်။

“အဲဒါကြောင့်ပဲ ကျနော်တို့ Survey လုပ်နေရတာဖြစ်ပါတယ်။ တလအတွင်းလောက်မှာဆိုရင် ကျနော်တို့ ဘယ်လောက်လောက်ရှိမယ်ဆိုတာ ခန့်မှန်းချက် ကောင်းကောင်းရနိုင်မယ်လို့ ကျနေ်ာမျှော်လင့်တယ်။ Indianapolis မှာဆိုရင် ၄၀၀-၅၀၀ လောက်ရှိမယ်လို့ ယူဆတယ်။ အဲဒီလို အရေအတွက်ကို ကြည့်တဲ့နေရာမှာ- တခုကတော့ case by case ပေါ့။ ဒီ case တခုမှာ လူဘယ်နှစ်ယောက်ပါသလဲ ဆိုတာလည်း ရှိတာကို။ လူနဲ့တွက်မယ်ဆိုရင် များနိုင်တယ်။ မိသားစုတခုမှာ လူက ၁ ယောက်ကနေ ၅ ယောက် စသဖြင့် ရှိနိုင်တာ ဆိုတော့ အဲဒါတွေလည်း ကျနော်တို့ နားလည်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

အလားတူ Oklahoma ပြည်နယ်မှာ နေထိုင်နေတဲ့ ဇိုမီးတိုင်းရင်းသား Suan Mang ကလည်း ကလေးမြို့နားက ရွာမှာရှိတဲ့ သူ့မိဘတွေကို အမေရိကန်မှာ လာရောက်နေထိုင်ဖို့ ခေါ်ယူရေးကိစ္စ နဲ့ အခြား သူတို့အသိုင်းအဝိုင်းက သူတွေလည်း မိသားစုတွေ ခေါ်ယူရေးမှာ ထိခိုက်မှု ရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“သမ္မတ Trump ရဲ့ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်က ကျနော်တို့ အသိုင်းအဝိုင်းတခုလုံးကို အတော်လေးထိခိုက်ပါတယ်။ ဒီကို ကျနော်မိဘတွေခေါ်ဖို့ ကိစ္စမှာ ဒီကန့်သတ်ချက်ကြောင့် ဗီဇာရဖို့ မလွယ်ဘူးဖြစ်သွားပါတယ်။”

လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေအနေနဲ့ မြန်မာအပေါ် ဗီဇာကန့်သတ်ချက်ကို ဖြေလျော့ ကင်းလွတ်ခွင့်ရရေး စုပေါင်းလက်မှတ်ထိုး တောင်းဆိုဖို့ အစီအစဉ်ကို ဆောင်ရွက်နေကြောင်း Elaisa Vahnie ကပြောပါတယ်။

“ သူတို့ (exception) ချွင်းချက် ပေးထားတာတော့ရှိတယ်။ အဲဒီမှာ အမေရိကန်အစိုးရကို ကူညီတဲ့လူတွေဆိုရင် သူတို့ exception ရပြီးသားဖြစ်တယ်။ ဒါကို သူတို့ case by case အင်တာဗျူးလုပ်တဲ့အချိန်မှာ ဆုံးဖြတ်သွားမယ်လို့ သူတို့ကတော့ ပြောတယ်။ ဒါပေမယ့် အားလုံးအတွက် exception (သို့မဟုတ်) waiver ကင်းလွတ်ခွင့် ရနိုင်ဖို့အတွက်ကတော့ ကျနော်တို့ လုပ်ဖို့ စီစဉ်နေတယ်။ ဘယ်နှစ်ယောက် ၊ မိသားစုဘယ်လောက် ကျနော်တို့ အသိုင်းအဝိုင်းထဲမှာ ရှိသလဲဆိုတာ ပထမဦးဆုံးနားလည်ဖို့လိုတယ်။ အဲဒီ survey ကို ကျနော်တို့ လုပ်နေတာဖြစ်တယ်။ အွန်လိုင်းမှာလည်း ကျနော်တို့တင်တယ်။ Meeting တွေလည်း ကျနော်တို့ ခေါ်တယ်။ အင်ဒီယားနားမှာရယ်၊ ပြီးရင် တနိုင်ငံလုံးပေါ့ ။ ကျနော်တို့ တခြားအဖွဲ့တွေ ပါဝင်ဖို့လည်း ဖိတ်တယ်။ ကျနေ်ာတို့ အချက်အလက်တွေကို ရပြီးတဲ့နောက်မှာ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဒီလောက် ခံနေရတယ်။ impact ထိခိုက်မှုတွေ ဖြစ်နေတယ်ဆိုတာကို တင်ပြဖို့ဖြစ်တယ်။ အဲလိုတင်ပြတဲ့အချိန်မှာ US congress က မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ဖို့လည်းလိုတယ်။ ပြီးရင် ဝါရှင်တန်ဒီစီက State Department ကိုလည်း ကျနော်တို့ ဆက်သွယ်တယ်။ နောက်ပြီးတော့ အမေရိကန် သံရုံး ရန်ကုန်မှာလည်း ကျနော်တို့ အဆက်အသွယ်ရှိတယ်။ ဆိုတော့ ကျနော်တို့ အမြန်ဆုံးလုပ်ဖို့ စီစဉ်နေပါတယ်။ ကျနော်တို့ကတော့ အခုလို ကန့်သတ်ချက်ကို ယာယီလို့ပဲ မျှော်လင့်ချင်ပါတယ်။”

ရန်ကုန်အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့- ဖေဖော်ဝါရီ ၂၁ ရက်စပြီး မြန်မာနိုင်ငံသားတွေ အတွက် ရွှေ့ပြောင်းအခြေစိုက်ဗီဇာနဲ့ ဒီဗီဗီဇာတွေထုတ်ပေးတော့မှာ မဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့် တစ်ဦးယောက်ချင်းစီရဲ့ အကြောင်းကိစ္စပေါ်မူတည်ပြီး ဖြေလျှော့ပေးမှုနဲ့ကင်းလွတ်ခွင့် အကန်အသတ်နဲ့ ပေးကောင်း ပေးနိုင်တယ်လို့ ရေးသားထားပါတယ်။ ရွှေ့ပြောင်းအခြေစိုက်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာ လျှောက်ထားသူ တစ်ယောက်ဟာ သမ္မတ Trump ရဲ့ကြေညာချက်နဲ့ ညှိစွန်းနေတယ်ဆိုရင် လျှောက်ထားသူကို ဖြေလျှော့ပေးပြီး ကင်းလွတ်ခွင့်ရဖို့ အရည်အချင်းနဲ့ပြည့်မီသလား ဆိုတာကို ကောင်စစ်ဝန် အရာရှိက သေသေချာချာပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အခုလို ကန့်သတ်ချက်တွေရှိပေမယ့်လည်း Immigrant ဗီဇာကို လျှောက်လိုသူတွေကတော့ လွတ်လွတ်လပ်လပ် လျှောက်ထားနိုင်ကြောင်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

....................


(Unicode)















XS
SM
MD
LG