သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ် ထုတ်ပြန်


အမေရိကန် နိုင်ငံသားဖြစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဌာနရဲ့ ယာယီ ညွှန်ကြားရေးမှူး Ken Cuccinelli 
အမေရိကန် နိုင်ငံသားဖြစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဌာနရဲ့ ယာယီ ညွှန်ကြားရေးမှူး Ken Cuccinelli 

အမေရိကန် ပြည်ထောင်စုကို လာရောက်သူတွေ အနေနဲ့ အခမဲ့ ဆေးကုသခွင့်၊ ရိက္ခာနဲ့ အိုးအိမ်လို လေူမှု ဖူလုံရေး အကူအညီ အထောက်အပံ့တွေကို ရယူထားကြမယ် ဆိုရင်တော့ ဒီလူတွေကို နိုင်ငံတွင်းမှာ အမြဲတမ်း နေထိုင်ခွင့် ဒါမှမဟုတ်လည်း နိုင်ငံသား ဖြစ်ခွင့် ကနေ တားမြစ်နိုင်ခွင့်ရှိမယ့် မူဝါဒသစ် တခုကို အမေရိကန် သမ္မတ Donald Trump အစိုးရက ကြေညာလိုက်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး လှုပ်ရှားသူတွေကတော့ ဒီဥပဒေသစ်က နိုင်ငံခြားသားကို မနှစ်သက်တဲ့ အဆင့်အတန်းခွဲခြားမှု အဖြစ် ပြောဆိုလိုက်ပြီး ဆန့်ကျင်ဆောင်ရွက်သွားမယ်လို့ ပြောဆိုနေကြပါတယ်။ Patsy Widakuswara ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေသူတွေ အနေနဲ့ လူမှု ဖူလုံရေး အကူအညီ အထောက်အပံ့တွေကို အဓိက မှီခိုမှု အပေါ် ခွင့်မပြုတဲ့ ဥပဒေသစ်ကို အမေရိကန် နိုင်ငံသားဖြစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဌာနရဲ့ ယာယီ ညွှန်ကြားရေးမှူး Ken Cuccinelli က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ကြိုးစားနေသူတွေနဲ့ နိုင်ငံတွင်း နေထိုင်ဖို့ ကြိုးစားနေသူတွေ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးကို အခု မူဝါဒသစ်က တွန်းအားပေးမှာ ဖြစ်တယ်လို့လည်း ယာယီ ညွှန်ကြားရေးမှူး Ken Cuccinelli က ပြောပါတယ်။

”အမေရိကန် ပြည်ထောင်စုမှာ နေလိုသူတွေ ဒါမှမဟုတ်လည်း လာရောက်ဖို့ ကြိုးစားနေသူတွေ ကိုယ့်အားကိုယ်ကိုး ရပ်တည်ရေးကို တွန်းအားပေးမယ့် ဥပဒေ စည်းမျဉ်းသစ်ကို အမိမြေ လုံခြုံရေး ဝန်ကြီးဌာနရဲ့ ဌာန တခုဖြစ်တဲ့ ကျနော် ဦးဆောင်တဲ့ USCIS အနေနဲ့ ဒီနေ့ ကြေညာချက် ထုတ်ပါတယ်။ အမေရိကန်မှာ အခွင့်အလမ်းရှာဖွေကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အောင်မြင်မှု ရဖို့ကိုလည်း ဒီဥပဒေက မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။”

အခုစည်းမျဉ်းသစ်က ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင် သက်ရောက်မှာပါ။ ၃၆ လတာ ကာလအတွင်းမှာ ၁၂ လကျော်က အများပြည်သူ ခံစားခွင့်တွေထဲက တခု ဒါမှမဟုတ်လည်း ဒီထက်ပိုပြီး ရယူနေသူကို အစိုးရ အထောက်အပံ့ကို အဓိက မှီခိုသူ အဖြစ် အခု စည်းမျဉ်းသစ် အရ သတ်မှတ်မှာ ဖြစ်ပါတယ်။ အစိုးရ ထောက်ပံ့မှု ခံစားခွင့် ၂ ခုကို တလတာ ခံစားသူကိုလည်း ၂ လတာ အထောက်အပံ့ ရယူမှု အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် ဒါမှမဟုတ်လည်း နိုင်ငံသား အဖြစ် ပြောင်းလဲမယ့်သူတွေဟာ အနာဂတ်မှာ အစိုးရ အထောက်အပံ့ကို မှီခိုသူတွေ ဖြစ်မလာရေး အစိုးရဘက်က ရှောင်ရှားလိုတယ်လို့လည်း ယာယီ ညွှန်ကြားရေးမှူး Cuccinelli က ပြောပါတယ်။ ဒီမူဝါဒက ဝင်ငွေနည်းတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို မတရားသဖြင့် ပစ်မှတ်ထားတယ်ဆိုပြီး ဝေဖန်မှုတွေကိုလည်း ယာယီ ညွှန်ကြားရေးမှူး Cuccinelli က အခုလို တုံ့ပြန်သွားပါတယ်။

“ဝင်ငွေ နည်းသူ များသူ အားလုံးဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ကျနေ်ာတို့က အသေအချာ မျှော်လင့်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး မရပ်တည်နိုင်ဘူးဆိုရင်တော့ ဒီအချက်က သူတို့ကို အမြဲတမ်းနေထိုင်ခွင့် ပေးမလားဆိုတာ ဆုံးဖြတ်ချက် အပေါ်မှာ အကြီးအကျယ်ကို ဆိုးကျိုး သက်ရောက်မှု ရှိစေမှာ ဖြစ်တာကြောင့် ဆင်းရဲချို့တဲ့သူ တဦး အနေနဲ့ ကိုယ့်အားကိုယ် ကိုးဖို့ ပြင်ဆင်ထားနိုင်ပါတယ်။”

အမေရိကန် အစိုးရရဲ့ အခု စည်းမျဉ်းသစ်မှာတော့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေခံတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေ၊ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေနဲ့ အိမ်တွင်း အကြမ်းဖက်မှုဒဏ် ခံခဲ့ရသူတွေကိုတော့ ကင်းလွတ်ခွင့် ပေးမှာ ဖြစ်တယ်လို့လည်း ယာယီ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီကင်းလွတ်ခွင့်ကိုတော့ လွှတ်တော်က ပြဌာန်းထားတာပါ။ အမေရိကန် ပြည်ထောင်စု အတွင်း အမြဲတမ်း နေထိုင်ခွင့် အတွက် မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့နိုင်ပါတယ်ဆိုပြီး နိုင်ငံသားတွေက ကတိခံဝန်ချက် ပေးရတဲ့ မိသားစု အခြေခံတဲ့ ရွှေ့ပြောင်း အခြေချသူတွေ အပေါ်မှာလည်း အခု စည်းမျဉ်းသစ်က သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ လှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ဒီ စည်းမျဉ်းသစ်ကို ဆန့်ကျင်ကြပါတယ်။ အဖွဲ့ပေါင်း ၂၀၀ ကျော် ပါဝင်တဲ့ New York ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ကတော့ ဒီစည်းမျဉ်းသစ်က နိုင်ငံခြားသားကို မနှစ်သက်တဲ့ အဆင့်အတန်း ခွဲခြားမှု အဖြစ် ပြောဆိုလိုက်ပြီး ဆန့်ကျင်ဆောင်ရွက်သွားမယ်လို့လည်း ကတိပြု ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ဝင်ငွေနည်း ရွှေ့ပြောင်းအခြေချသူတွေရဲ့ အခွင့်အလမ်းနဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ National Immigration Law Center ကလည်း ဒီစည်းမျဉ်းသစ်နဲ့ ပတ်သက်ပြီး အစိုးရကို တရားစွဲမယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေနဲ့ ကျခံရတဲ့ အကျိုးခံစားခွင့်တွေကို သုံးမယ့် ဆင်းရဲတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ကန့်သတ်နိုင်ရေးနဲ့ တဖက်မှာတော့ ပညာတတ်တွေ နဲ့ ချမ်းသာသူ ရွှေ့ပြောင်းအခြေချသူတွေကို အမေရိကန်မှာ ပိုပြီး လက်ခံရေး အစိုးရရဲ့ ကြိုးပမ်းမှုနဲ့ ဒီစည်းမျဉ်းသစ်က ကိုက်ညီနေတာပါ။

အခု စည်းမျဉ်းသစ်ကြောင့် တရားဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ စိုးရိမ်စိတ်များစေပြီး သူတို့ခံစားခွင့် ရှိတဲ့ အများပြည်သူဆိုင်ရာ ခံစားခွင့်တွေ ရယူနေတာကို ရပ်သွားမယ့် အရေး ရွှေ့ပြောင်းအခြေချသူ အရေး လှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG