သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရပိတ်ထားမှု အဆုံးသတ်ရေး အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မည်


အမေရိကန် အစိုးရယန္တရား တစိတ်တပိုင်း ပိတ်ထားရတာ ဒုတိယလထဲ ရောက်လာနေပြီဖြစ်ပြီး ပြန်ဖွင့်နိုင်ရေးအတွက် ကြိုးပမ်းတဲ့အနေနဲ့ ဆန့်ကျင်ဘက် ပါတီကြီး ၂ ခုလုံးက အထက်လွှတ်တော်မှာ မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် အဆိုပြုချက် ၂ ခု စလုံးဟာ လွှတ်တော်ကို ဖြတ်ပြီး သမ္မတ Donald Trump ဆီကို ရောက်ဖို့ ကတော့ သိပ်မလွယ်လှပါဘူး။

အမေရိကန် - မက္ကဆီကို နယ်စပ်တလျှောက် တံတိုင်းတည်ဆောက်ဖို့ သမ္မတ Trump တောင်းဆိုထားတဲ့ ရံပုံငွေ ဒေါ်လာ ၅.၇ ဘီလျံ ရဖို့နဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေပါတဲ့ လက်ရှိဘဏ္ဍာရေးနှစ် အတွက် အစိုးရ အသုံးစားရိတ် ရံပုံငွေဆိုင်ရာ ရီပတ်ဘလစ်ကင်တွေ တင်သွင်းတဲ့ အဆိုပြုချက်ကို ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ အထက်လွှတ်တော်က မျှော်လင့်ထားတာပါ။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ အထိ အစိုးရ အသုံးစားရိတ် ချထားပေးဖို့ ဒီမိုကရက်တွေ တင်သွင်းတဲ့ အဆိုပြုချက်ကိုလည်း အထက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေတာပါ။ အဲဒီထဲမှာ နယ်စပ်လုံခြုံရေး ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တွေမပါဘဲ ပိတ်ထားတဲ့ အစိုးရဌာနတွေ ပြန်ဖွင့်ဖို့နဲ့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ သမ္မတအိမ်ဖြူတို့ ကြား ဒီဇင်ဘာလကုန်အထိ အသုံးစားရိတ် ချထားရေးဆိုင်ရာ ပြဿနာအတွက် သဘောတူညီမှုရရေး ကြိုးစားဖို့ အချိန်ပေးတဲ့ သဘောသက်သက်သာ ဖြစ်ပါတယ်။

Kentucky ပြည်နယ် ရီပတ်ဘလစ်ကင် အမတ်ဖြစ်တဲ့ အထက်လွှတ်တော် အများစု အမတ်ခေါင်းဆောင် Mitch McConnell က ရီပတ်ဘလစ်ကင် တွေရဲ့ အဆိုပြုချက်ကို လက်ခံကြဖို့ ဒီမိုကရက်တွေကို တိုက်တွန်းခဲ့ပါတယ်။ သူတို့ရဲ့ အဆိုပြုချက်ထဲမှာ အရင်သမ္မတ Obama လက်ထက်က ချထားတဲ့ DACA အစီအစဉ်လို့ခေါ်တဲ့ တရားမဝင်လာရောက်တဲ့ မိဘတွေနဲ့ အတူပါလာတဲ့ အမေရိကန်နိုင်ငံကို ကလေးငယ်ဘဝကတည်းက ရောက်နေသူတွေ အတွက် အကာကွယ်ပေးတဲ့ အစီအစဉ်ကို ယာယီပြန်ပေးဖို့ ထည့်သွင်းထားတာပါ။

ဒီမိုကရက်တွေကတော့ ဒါကို လက်မခံသလို ရီပတ်ဘလစ်ကင်တွေဟာ နယ်စပ်တံတိုင်းဆောက်နိုင်ဖို့ အစိုးရဝန်ထမ်း ၈ သိန်းလောက်ကို ဓါးစားခံလုပ်ထားတာ လို့ပြောနေကြတာပါ။ ဒီအဆို ၂ ရပ်စလုံးအတွက် ပါတီကြီး ၂ ခုစလုံးရဲ့ ထောက်ခံမှု လိုအပ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG