သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ဝန်ကြီးချုပ် May လန်ဒန်မှာ တွေ့ဆုံဆွေးနွေး


Trump
Trump

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကိုရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြသလို၊ နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်ဖို့ ဆန္ဒရှိနေတယ်ဆိုတာကိုလည်း နှစ်ဘက်စလုံးက ပြသခဲ့ကြပါတယ်။

ဒီကနေ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတခုမှာ သမ္မတ Trump က နှစ်ဘက်မျှတမှုရှိပြီး ရေရှည်တည်တံ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ် ချမှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ အလားတူ ဗြိတိန် ဝန်ကြီးချုပ် မေကလည်း နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်ကနေ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်မယ့် အကြောင်းနဲ့ ဈေးကွက်ကို ထိန်းချုပ်မထားဘဲ လွတ်လပ် မျှတပြီး အားလုံး ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို သူ့အစိုးရကလည်း ယုံကြည်လက်ခံထားကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်အပါအဝင် အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံကြီးတွေနဲ့ ကုန်သွယ်ရာမှာ အမေရိကန်ပြည်ထောင်စုအတွက် ပိုပြီးလိုက်လျောညီထွေရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရနိုင်ဖို့ Trump က ကြိုးစားနေတာပါ။ အမေရိကန်သမ္မတTrump နဲ့ သမ္မတ ကတော် Melania တို့ဟာ ဒီကနေ့နှောင်းပိုင်းမှာတော့ ဗြိတိန် အိမ်ရှေ့မင်းသား Charles နဲ့ ကြင်ယာတော် Camilla တို့နဲ့အတူ ညစာ စားကြဖို့ရှိပါတယ်။

တနင်္လာနေ့တုန်းကတော့ ဗြိတိန်ဘုရင်မကြီး Elizabeth က သမ္မတ Trump နဲ့ သမ္မတကတော် တို့ကို Buckingham နန်းတော်ထဲမှာ ဂုဏ်ပြု ညစာစားပွဲနဲ့ ဧည့်ခံ ကြိုဆိုခဲ့တာဖြစ်ပါတယ်။ ဒီအတောအတွင်း သမ္မတ Trump ကို ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကတော့ ဒီကနေ့မှာလည်း လန်ဒန်မြို့တဝိုက် စုဝေးဆန္ဒပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG