သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Modi နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာရေး ဆွေးနွေး


အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့အမေရိကန်သမ္မတ Donald Trump
အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့အမေရိကန်သမ္မတ Donald Trump

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့အမေရိကန်သမ္မတ Donald Trump တို့ ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်မှာဇွန်လ ၂၆ရက် မနေ့တုန်းက တွေ့ဆုံခဲ့ကြပါတယ်။ အိန္ဒိယဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေစစ်နိုင်ငံဖြစ်တဲ့ အကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးက သိပ်ပြီးခိုင်မာလှတယ်လို့ သမ္မတထရမ့်ကပြောခဲ့ပြီး ဝန်ကြီးချုပ်မိုဒီကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို စီးပွါးရေးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တိုးမြှင့်လုပ် ဆောင်သွားမယ့်အကြောင်းပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

အိန္ဒိယနဲ့အမေရိကန်ခေါင်းဆောင်နှစ်ဦးရဲ့တွေ့ဆုံမှုကတော့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံနှစ်ခုက ခေါင်းဆောင်နှစ်ဦး ရဲ့တွေ့ဆုံမှုလို့လည်းပြောလို့ရပါတယ်။ ဒီခရီးစဉ်က သမ္မတထရမ့်အာဏာရလာပြီးနောက်ပိုင်း အိန္ဒိယဝန်ကြီး ချုပ်အတွက် ပထမဆုံးအမေရိကန်ပြည်ထောင်စုခရီး စဉ်လည်းဖြစ်ပါတယ်။ အိမ်ဖြူတော်တွေ့ဆုံမှုအပြီး ခေါင်းဆောင် နှစ်ဦးရဲ့ သတင်းစာရှင်းလင်းပွဲကို အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က အမေရိကန်-အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးဟာ အမြင့်ဆုံးအချိန်ကိုရောက်နေတဲ့အကြောင်းအခုလိုပြောပါတယ်။

"ကျနော်တို့နှစ်နိုင်ငံရဲ့အနာဂတ်ဟာအခု အားအကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။အိန္ဒိယနဲ့အမေရိကန်နှစ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးမှုအပြင် လေးစားမှုနဲ့တည်ဆောက်သွားမှာဖြစ်ပါတယ်။"

အိန္ဒိယအနေနဲ့ အမေရိကန်ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချတဲ့အနေနဲ့ အမေရိကန်ထွက်ကုန်တွေကို တိုးမြှင့်ဝယ်ယူဖို့ သဘောတူခဲ့ရမှာ အိန္ဒိယလေကြောင်းက အမေရိကန်ဆီက လေယာဉ်အစီးရေ မှာယူခဲ့တဲ့အကြောင်း သမ္မတထရမ့်ကပြောခဲ့ပြီး အမေရိကန်ရဲ့ သဘာဝဓါတ်ငွေ့ဝယ်ယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နှစ်နိုင်ငံလုံခြုံရေးမဟာမိတ်အဖြစ် အကြမ်းဖက်မှုကို ပူးပေါင်းဖြေရှင်းသွားမယ့်အကြောင်းလည်း သမ္မတထရမ့်ကပြောခဲ့ပါတယ်။

"အမေရိကန်ပြည်ထောင်စုနဲ့အိန္ဒိယအကြားလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဟာ သိပ်ကိုအရေးကြီးလှပါတယ်။ ကျနော်တို့နှစ်နိုင်ငံလုံးဟာ အကြမ်းဖက်ဝါဒရဲ့မကောင်းဆိုးဝါးဒဏ်ကိုခံခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့်အကြမ်းဖက်အဖွဲ့တွေကိုချေမှုန်းဖို့နဲ့အကြမ်းဖက်ဝါဒီတွေကိုတွန်းအားပေးနေတဲ့ အယူဝါဒကိုလည်းချေမှုန်းပစ်ဖို့ သံဓိဌာန်ခိုင်မာပါတယ်။ အစွန်းရောက် အစ္စလာမ်မစ် တွေကိုခြေမှုန်းပစ်မှာဖြစ်ပါတယ်။"

အိန္ဒိယသမုဒ္ဒရာမှာ ဂျပန်နဲ့အတူအမေရိကန်နဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယက ပါဝင်မယ့်အကြောင်းလည်း သမ္မတထရမ့်ကပြောခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း သမ္မတထရမ့်ရဲ့နွေးထွေးတဲ့ကြိုဆိုမှုကို ကျေးဇူးတင်တဲ့အကြောင်းပြော ကြားပြီး ၂နိုင်ငံ ဆွေးနွေးမှုမှာ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး အကျိုးတူစံတန်ဖိုးတွေကို မျှဝေခံစားတဲ့အကြောင်း ဝန်ကြီးချုပ်မိုဒီက စကားပြန်အမျိုးသမီးကတဆင့်အခုလိုပြောခဲ့ပါတယ်။

"အိန္ဒိယရဲ့လူမှုရေးနဲ့စီးပွါးရေးပြုပြင်ပြောင်းလဲမှုမှာ အမေရိကန်ပြည်ထောင်စုက အဓိကမဟာမိတ်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသစ် ထူထောင်ဖို့ကျနော့်ရဲ့မျှော်မှန်းချက်နဲ့သမ္မတထရမ့်ရဲ့ အမေရိကန်ပြည်ထောင်စု ပြန်လည်ရှင်သန်ကြီးထွားရေးမျှော်မှန်းချက်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ အဓိကအခန်းကဏ္ဍက ရပ်တည်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။ အိန္ဒိယရဲ့အကျိုးစီးပွါးဟာ အောင်မြင်ဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိကန်ပြည်ထောင်စုအပေါ်မှာမူတည်မယ် လို့ကျနော်ယုံကြည်သလို နိုင်ငံတကာမှာ အိန္ဒိယရဲ့တိုးတက်တဲ့အခန်းကဏ္ဍကလည်း အမေရိကန်အတွက်အကျိုးပြုစေမှာလည်းဖြစ်ပါတယ်။"

၂နိုင်ငံစီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်ဖန်တီးရေး၊ ကုန်သွယ်ရေးစတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်ဖို့ဆွေးနွေးခဲ့ကြတဲ့အပြင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ ဝန်ကြီးချုပ်မိုဒီက စကားပြန်အမျိုးသမီးကတဆင့်အခုလိုပြောခဲ့ပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အကြမ်းဖျက်သမားတွေ ခိုလုံနေတဲ့နေရာတွေကို ဖြိုခွင်းရေးတို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို ကြိုးစားဖြေရှင်းရာမှာ အကြမ်းဖက်မှုဆိုင်ရာ ထောက်လှမ်းရေးသတင်းတွေကို ဖလှယ်မယ့်အပြင် Policy ညှိနှိုင်းဆောင်ရွက်ရာမှာလည်း အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

ခေါင်းဆောင်နှစ်ဦးရဲ့နှစ်နိုင်ငံအကျိုးတူကိစ္စတွေအကြောင်း ပြောဆိုမှုတွေဆက်ပြီးရှိနေဦးမယ်လို့ဝန်ကြီးချုပ်မိုဒီကပြောဆိုတဲ့ပြီး သမ္မတထရမ့်က ဝန်ကြီးချုပ်မိုဒီကို အိမ်ဖြူတော်မှာ နိုင်ငံတော်ညစာနဲ့တည်ခင်းဧည့်ခံဖို့လည်းရှိပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ အမေရိကန်ထိပ်တန်းစီးပွါးရေးခေါင်းဆောင်တွေနဲ့ အိန္ဒိယဝန်ကြီး ချုပ် မိုဒီတွေ့ဆုံခဲ့တဲ့အပြင် အမေရိကန်ရောက် အိန္ဒိယနိုင်ငံသားတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

အင်တာနက်နည်း ပညာ ကုမ္မဏီတွေဖြစ်ကြတဲ့ Google က အမှုဆောင်ဥက္ကဌ ဆန်ဒြာ ပီချိုင်း၊ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်ဥက္ကဌ ဆတီယ နဒဲလာ နဲ့ အဒိုဘီကုမ္မဏီရဲ့ အမှုဆောင်ဥက္ကဌ ရှန်တနု နာဒယန်းတို့နဲ့လည်း အိန္ဒိယဝန်ကြီး ချုပ်က တွေ့ဆုံခဲ့ပါသေးတယ်။ ဒီနှစ်ဟာ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း၇၀ပြည့်တဲ့နှစ်ဖြစ်တာကြောင့် သမ္မတထရမ့်က အိန္ဒိယနိုင်ငံကို ချီးကျူးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG