သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ခံသမ္မတ နိုင်ငံခြားရေးမူဝါဒဆိုင်ရာရှင်းလင်း


ရွေးကောက်ခံ အမေရိကန် သမ္မတ Donald Trump က ဖလော်ရီဒါက သူ့နေအိမ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဇန်နဝါရီ ၇၊ ၂၀၂၅)
ရွေးကောက်ခံ အမေရိကန် သမ္မတ Donald Trump က ဖလော်ရီဒါက သူ့နေအိမ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဇန်နဝါရီ ၇၊ ၂၀၂၅)

လာမယ့် သီတင်း ၂ ပတ် အတွင်း အမေရိကန် သမ္မတ တာဝန်ယူဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ခံ အမေရိကန် သမ္မတ Donald Trump က ဖလော်ရီဒါက သူ့နေအိမ်မှာ အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး သူ့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ရှင်းလင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနှစ်ကျော်က ဟားမတ် စစ်သွေးကြွ အဖွဲ့ ဖမ်းသွားတဲ့ ဓားစားခံအားလုံးကို ပြန်လွှတ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပြီး ဒီလိုမှ မဟုတ်ရင်တော့ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆောင်ရွက်မှုနဲ့ ကြုံရမယ်လို့ ၆ ကြိမ်တိတိ ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း အရေး သူ့ရဲ့ ကိုယ်စားလှယ်ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို မထိခိုက်စေလိုကြောင်း၊ ဒါပေမဲ့ သူ သမ္မတ တာဝန်ယူချိန်မှာ ရလဒ် မထွက်လာရင်တော့ အရှေ့အလယ်ပိုင်း ဒေသမှာ ပြင်းပြင်းထန်ထန် ဆောင်ရွက်မှုနဲ့ ကြုံကြရမှာ ဖြစ်ပြီး ဒါဟာ ဟားမတ် အတွက်ရော ဘယ်သူ့ အတွက်မှ မကောင်းဘူးလို့ ရွေးကောက်ခံ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ ယူကရိန်း အရေးနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ ရုရှား ခေါင်းဆောင်နဲ့ တွေ့ဆုံလိုတဲ့ သဘော Trump က ပြောပါတယ်။

ယူကရိန်း နိုင်ငံတွင်း ပဋိပက္ခကို ရှင်းလင်းမယ်လို့ အခိုင်အမာ ကတိပြုပေမဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာကိုတော့ မပြောပါဘူး။ ကနေဒါနဲ့ မက္ကဆီကို တို့ အပေါ် သွင်းကုန်ခွန် တိုးကောက်ဖို့ ထပ်ပြီး ခြိမ်းခြောက်သလို ကနေဒါဟာ အမေရိကန်ရဲ့ ပြည်နယ် တခု ဖြစ်သင့်ကြောင်း၊ နောက် မက္ကဆီကို ပင်လယ်ကွေ့ကိုလည်း အမေရိကန် ပင်လယ်ကွေ့ အဖြစ် အမည်ပြောင်းမယ်လို့လည်း Trump က ပြောပါတယ်။

ဒိန်းမတ်နိုင်ငံတွင်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ Greenland ကို အမေရိကန်တို့ ဘယ်လို ရယူမလဲ ဆိုတာကိုလည်း Trump က မပြောပါဘူး။ ဒါပေမဲ့ စီးပွားရေး လုံခြုံမှု အတွက် Greenland လိုအပ်တယ်လို့ အင်္ဂါနေ့မှာ သူက ထပ်လောင်း ပြောပါတယ်။ Greenland နဲ့ ပနားမား ရေလက်ကြား အရေးမှာ စစ်ရေး ဒါမှမဟုတ်လည်း စီးပွားရေး အရ အကြပ်မကိုင်ဘူးဆိုတာကို ကတိပြု ပြောဆိုနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ သူ့အနေနဲ့ အာမမခံနိုင်ဘူးလို့ Trump က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG