သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ဆိုင်ရာ ကန် သမ္မတအမိန့်အပေါ် အယူခံကြားနာမည်


သမ္မတ Donald Trump
သမ္မတ Donald Trump

မွတ်စလင်နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့်နဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုက လက်ခံနေတဲ့ အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ သမ္မတ Donald Trump ရဲ့ အမိန့်ကြောင့်၊ ဥပဒေကြောင်းအရ အချေအတင် ဖြစ်နေရတာတွေနဲ့ ပတ်သက်လို့ လျှောက်လဲချက်တွေ ကို ပြည်ထောင်စု အယူခံတရားရုံးတခုမှာ ဒီကနေ့ အင်္ဂါနေ့ ကြားနာမှာဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာနရဲ့ လျှောက်လဲချက်မှာတော့ သမ္မတရဲ့ အမိန့်ဟာ အမေရိကန် ပြည်ထောင်စုကို နိုင်ငံခြားသားတွေ ဝင်ရောက်မှုတွေနဲ့ ဒုက္ခသည်တွေကို လက်ခံနေတဲ့ အစီအစဉ်တွေအပေါ် သမ္မတဦးရဲ့ လုပ်ပိုင်ခွင့်အရ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာသာ ဖြစ်တဲ့အကြောင်း ဖော်ပြထားတာပါ။

သမ္မတရဲ့ တားမြစ်မိန့်ကို ပြည်ထောင်စု တရားသူကြီးတဦးက ဆိုင်းငံ့ခဲ့တာဟာ မှားယွင်းတဲ့ အဓိပါယ်ဖွင့်ဆိုချက်တခု ဖြစ်သလို၊ တရားဝင်မှု မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

Washington နဲ့ Minnesota ပြည်နယ်တွေက တရားလိုအဖြစ်နဲ့ တရားရုံးကို တင်သွင်းခဲ့တဲ့ အမှုမှာ၊ ပြည်နယ်ပေါင်း ၁၅ ခုက ရှေ့နေချုပ်တွေ၊ အမေရိကန် လူမှုအခွင့်အရေးသမဂ္ဂနဲ့ ကုမ္ပဏီပေါင်း ၁၀၀ နီးပါးတို့ကလည်း ဝိုင်းဝန်းထောက်ခံ လျှောက်လဲခဲ့ကြတာပါ။ တခြား ကုမ္ပဏီအများအပြားကလည်း သမ္မတရဲ့ တားမြစ်မိန့်ကို ထောက်ခံကြောင်း လျှောက်လဲချက်တွေ တင်သွင်းခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ၂ ဦးဖြစ်တဲ့ John Kerry နဲ့ Madeleine Albright တို့ကတော့ သမ္မတရဲ့ အမိန့်ဟာ အသေအချာ ပြင်ဆင်မထားဘဲ အကောင်အထည်ဖော်ခဲ့တဲ့ အစီအစဉ်တခုဖြစ်သလို၊ ရှင်းရှင်းလင်းလင်းလည်း မရှိဘူးလို့ ဝေဖန်ခဲ့ကြတာပါ။ တားမြစ်မိန့်ဟာ အမျိုးသားလုံခြုံရေးကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ သမ္မတ Trump က ပြောဆိုထားပေမဲ့လည်း၊ အမိန့်ကြောင့် အမေရိကန် ပြည်ထောင်စု ပိုမိုလုံခြုံရမယ့်အစား၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ၂ ယောက်က ပြောပါတယ်။

အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ခရီးသွားတွေနဲ့ ဒုက္ခသည်တွေ အားလုံးကို ပြည်ဝင်ခွင့် တားမြစ်လိုက်တဲ့ သမ္မတအမိန့်ကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ Washington ပြည်နယ် တရားသူကြီး James Robart က ယာယီဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

ပြည်ဝင်ခွင့်ဆိုင်ရာ ကန် သမ္မတအမိန့်အပေါ် အယူခံကြားနာမည်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG