သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ပြည်ဝင်ခွင့်တားမြစ်မိန့် ပိတ်ခံရမှု တရားရေးဌာန အယူခံဝင်


ဒုက္ခသည်တွေနဲ့ မွတ်ဆလင် ၇ နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ယာယီတားမြစ်တဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့အမိန့်ကို ဘာကြောင့် ပြန်လည်ပြဌာန်းပေးသင့်တယ်ဆိုတဲ့ လျှောက်ထားချက်ကို အမေရိကန်တရားရေးဌာနက San Francisco မြို့မှာရှိတဲ့ နိုင်ငံအနောက်ဖက်ခြမ်း တရားရုံးကို တင်ပြခဲ့ပါတယ်။

Washington ပြည်နယ်တရားသူကြီးဆုံးဖြတ်ထားတဲ့အတိုင်း သမ္မတရဲ့ အမိန့်ကို ဆက်ပြီးတားဆီးသင့် မသင့်ဆိုတာကို အမေရိကန်အနောက်ဖက်ခြမ်း ခရိုင် ၁၅ ခုကိုကိုယ်စားပြုတဲ့ အယူခံတရားရုံးမှာ အင်္ဂါနေ့ကျရင်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

အမေရိကန်ထဲကို ဝင်လာမယ့်နိုင်ငံခြားသားတွေနဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ သမ္မတမှာ တရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်းဆောင်ရွက်တာဖြစ်တယ်လို့ တရားရေးဌာနရဲ့ ချေပလျှောက်ထားချက်ထဲမှာပါပါတယ်။

ကုမ္ပဏီပေါင်း ၁၀၀ နီးပါးအပြင် ပြည်နယ် ၂ ခုနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ၂ ယောက်တို့ကတော့ သမ္မတ Donald Trump ရဲ့ အမိန့်ကို ပြန်ပြီး မပြဌာန်းဖို့အတွက် အယူခံတရားရုံးမှာ လျှောက်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ John Kerry နဲ့ Madeleine Albright တို့အပါအဝင် သြဇာညောင်းတဲ့ ဒီမိုကရက်တွေက သမ္မတရဲ့အမိန့်ဟာ အသေအချာ စဉ်းစားလုပ်ခဲ့တာမဟုတ်ဘူး၊ လက်တေ့ွကျင့်သုံးတဲ့နေရာမှာ အားနည်းချက်တွေများတယ်၊ ရှင်းလင်းမှုမရှိဘူးလို့ ထောက်ပြပြီး သမ္မတရဲ့လုပ်ပိုင်ခွင့်အမိန့်ကို ဆက်ပြီးတားဆီးထားပေးဖို့ အမေရိကန်အနောက်ဖက်ခြမ်း ခရိုင် ၁၅ ခုကိုကိုယ်စားပြုတဲ့ အယူခံတရားရုံးကို သဘောထားထင်မြင်ချက်ပေးပို့ခဲ့ကြပါတယ်။ သမ္မတ Trump ရဲ့အမိန့်ဟာ အမေရိကန်ကို ပိုပြီးလုံခြုံစေမယ့်အစား နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့သူတို့အနေနဲ့ မြင်ကြောင်း အကြောင်းပြချက် ပေးခဲ့ကြပါတယ်။

Apple, Facebook, Google, Microsoft နဲ့ Twitter အပါအဝင် နည်းပညာကုမ္ပဏီပေါင်း ၉၇ ခုကလည်း သမ္မတရဲ့ပြည်ဝင်ခွင့် တားမြစ်ချက်ကြောင့် သူတို့ရဲ့လုပ်ငန်းတွေကို သိသိသာသာ ထိခိုက်တယ်လို့ဆိုပြီး ယာယီဖယ်ရှားထားတဲ့ သမ္မတအမိန့်ကို ပြန်လည်အသက်မသွင်းဖို့ အမေရိကန်အနောက်ဖက်ခြမ်း အယူခံတရာရုံးကို လက်မှတ်ရေးထိုး အယူခံ လျှောက်ထားချက်ပေးပို့ခဲ့ကြပါတယ်။ အမေရိကန်ထဲကို အကြမ်းဖက်သမားတွေဝင် မလာနိုင်အောင်လို့ဆိုပြီး သမ္မတက ပြည်ဝင်ခွင့် ယာယီတားမြစ်ကန့်သတ်ချက်အမိန့်ကို ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သမ္မတအမိန့်ကို Washington ပြည်နယ် တရားသူကြီး James Robart ကပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယာယီတားဆီးခဲ့ပါတယ်။ သမ္မတရဲ့အမိန့်ဟာ ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်တယ်လို့ဆိုပြီး Minnesota ပြည်နယ်နဲ့ Washington ပြည်နယ်တွေမှာ စွဲဆိုထားတဲ့ အမှုတွေအပေါ် ဟာဝိုင်ယီပြည်နယ်၊ တခါဥပဒေပညာရှင်တွေ၊ နိုင်ငံသားလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း ထောက်ခံကြပါတယ်။ သမ္မတရဲ့ ပြည်ဝင်ခွင့်တားမြစ်မိန့်ကို ပြန်လည်ပြဌာန်းပေးဖို့ Trump အစိုးရရဲ့ တောင်းဆိုချက်ကို နိုင်ငံအနောက်ခြမ်း အယူခံတရားရုံးက တနင်္ဂနွေနေ့က ပယ်ချခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်လို့ သက်ဆိုင်နေသူတွေအနေနဲ့ သူတို့ရဲ့ ချေပလျှောက်ာထားချက်တွေကို အနောက်ဖက်ခြမ်းအယူခံတရားရုံးဆီကို တနင်္လာနေ့နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပါတယ်။ သမ္မတအမိန့်ကို Washington ပြည်နယ်တရားသူကြီးက တားဆီးခဲ့ပြီးနောက် အမေရိကန်ပြည်ဝင်ခွင့်ရထားတဲ့ ဒုက္ခသည်တွေနဲ့ Iran, Iraq, Libya, Somalia, Sudan, Syria နဲ့ Yemen နိုင်ငံတွေက တရားဝင်အမေရိကန် Visa ရှိသူတွေ အမေရိကန်နိုင်ငံထဲကို ဝင်ခွင့်ပြန်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG