သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ပိတ်ပင်မှု တားမြစ်မိန့် ဆိုင်းငံ့မှု နိုင်ငံရေးပါကြောင်း Trump တုံ့ပြန်


အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့အမိန့်ကို တရားရုံးက ဟန့်တားတဲ့ လုပ်ရပ်ဟာ နိုင်ငံရေးတွေ ပါနေကြောင်း နိုင်ငံအတွင်းက ရဲအရာရှိတွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး အဲဒီ ပြည်ဝင်ခွင့် ပိတ်ပင် ကန့်သတ်ချက်တွေ မရှိတော့တဲ့အတွက် တိုင်းပြည်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း ပြောပါတယ်။

မွတ်စလင် အများစုနေထိုင်တဲ့ ၇ နိုင်ငံက လူတွေနဲ့ အမေရိကန်မှာ ရွှေ့ပြောင်း အခြေချနေထိုင်ကြမယ့် သူတွေအပေါ် ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်အပေါ် ဝါရှင်တန်ပြည်နယ်၊ Seattle မြို့က တရားသူကြီးက ဟန့်တားတဲ့ စီရင်ချက် ချလိုက်တာကြောင့် တိုင်းပြည်ဟာ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်နိုင်ငံအတွင်းက အဓိက မြို့ကြီးတွေက ရဲတပ်ဖွဲ့ အကြီးအကဲများအဖွဲ့နဲ့ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံစဉ် သမ္မတ Trump က ပြောကြားလိုက်တာပါ။

သမ္မတအမိန့်ကို ပယ်ချလိုက်တဲ့ Washington ပြည်နယ်၊ တရားသူကြီးရဲ့ စီရင်ချက်ကို တရားရေးဌာနက အယူခံဝင်ရာမှာ အဲဒီအမှုကို San Francisco မြို့မှာရှိတဲ့ ပြည်ထောင်စု အယူခံတရားရုံးက နှစ်ဘက် လျှောက်လဲချက်တွေကို အင်္ဂါနေ့က ကြားနာခဲ့တာဖြစ်ပြီး - အမှုအတွက် စီရင်ချက်ကိုတော့ အခုသီတင်းပတ်အတွင်း ချမှတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် တရားရေးဌာနက ရှေ့နေနဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်း မရှိဘူးဆိုပြီး အမိန့်ကြေညာချက် ပြန်ရုပ်သိမ်းပေးဖို့ တရားစွဲဆိုကြတဲ့ Washington ပြည်နယ်နဲ့ Minnesota ပြည်နယ်တို့ကို ကိုယ်စားပြုတဲ့ ရှေ့နေတွေဟာ အယူခံရုံး တရားသူကြီး ၃ ဦးထံမှာ တယ်လီဖုန်းကတဆင့် လျှောက်လဲချက်တွေကို အင်္ဂါနေ့က အပြန်အလှန် တင်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG