မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်း နေထိုင်ကြမယ့် ဒုက္ခသည်တွေ လက်ခံနေတဲ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့တဲ့ သမ္မတ Donald Trump ရဲ့ အမိန်ကို ပယ်ချလိုက်တဲ့ Washington ပြည်နယ်၊ တရားသူကြီးရဲ့ စီရင်ချက်ကို တရားရေးဌာနက အယူခံဝင်ရာမှာ အခုဆိုရင် ဒီအမှုကို ပြည်ထောင်စု အယူခံတရားရုံးက နှစ်ဖက် လျှောက်လဲချက်တွေကို အခုအသံလွင့်နေတဲ့အချိန်မှာ စတင် ကြားနာနေပြီ ဖြစ်ပါတယ်။ ဒီကြားနာပွဲက ထွက်လာမယ့် ရလဒ်ဟာ အမေရိကန်မှာ လာရောက် အခြေချ နေထိုင်ကြမယ့် မြန်မာ အပါအ၀င် ဒုက္ခသည်တွေရဲ့ အနာဂတ်အရေးကို အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်ကို ကန့်ကွက်သူတွေနဲ့ သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့အကြား ဥပဒေကြောင်းအရ အချေအတင် ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘယ်လောက်အထိ လုပ်ဆောင်သွားဖို့ရှိသလဲလို့ မေးတဲ့အခါ - ဒီကိစ္စကို ဆုံးခန်းတိုင်အထိ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့က သမ္မတ အိမ်ဖြူတော်မှာ နိုင်ငံတ၀ှမ်းက ခရိုင်ရဲအရာရှိတွေနဲ့ တွေ့ဆုံပွဲအတွင်း သမ္မတ Trump က ပြောပါတယ်။
“ကျနော်တို့အနေနဲ့ တည်ရှိနေတဲ့ စနစ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပါတယ်။ တိုင်းပြည်အတွက်လည်း အင်မတန် အရေးကြီးပါတယ်။ ကျနော့်အတွက်ပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှာ တာဝန်ဆက်ယူမယ့်သူအတွက်ပဲဖြစ်ဖြစ်၊ တိုင်းပြည်အတွက် လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။ လူမျိုးစုံ ရောက်နေတဲ့ ဆီးရီးယား နိုင်ငံကလူတွေကို ခေါ်တဲ့အခါမှာ ဒီလူတွေကို အသေအချာ စိစစ်နိုင်ဖို့ လိုပါတယ်။ ရွေ့ပြောင်း နေထိုင်သူတွေကတဆင့် အမေရိကန်နိုင်ငံထဲကို ထိုးဖောက် ၀င်ရောက်မယ်ဆိုပြီး ISIS အဖွဲ့ကလည်း ပြောထားတယ်မဟုတ်လား။ အဲဒီလို အခြေအနေတွေ ရှိနေတဲ့ကြားက တိုင်းပြည်ထဲ ၀င်လာမယ့်သူတွေကို ကျနော်တို့ တင်းကျပ်ခွင့် မရှိဘူးဆိုတော့၊ အဲဒါကို ဘယ်လို ဖြေရှင်းချက်ပေးမလဲ”
သမ္မတရဲ့ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့အမိန့်ကို Washington ပြည်နယ် တရားသူကြီး James Robart ကပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ယာယီတားဆီးခဲ့ပါတယ်။ သမ္မတရဲ့အမိန့်ဟာ ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်တယ်လို့ဆိုပြီး Minnesota ပြည်နယ်နဲ့ Washington ပြည်နယ်တွေမှာ စွဲဆိုထားတဲ့ အမှုတွေအပေါ် Hawaii ပြည်နယ်အပါအ၀င် ဥပဒေပညာရှင်တွေ၊ နိုင်ငံသားလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း ထောက်ခံကြပါတယ်။
သမ္မတရဲ့ ပြည်ဝင်ခွင့်တားမြစ်မိန့်ကို ပြန်လည်ပြဌာန်းပေးဖို့ သမ္မတTrump အစိုးရရဲ့ တောင်းဆိုချက်ကို San Francisco မြို့မှာရှိတဲ့ နိုင်ငံအနောက်ခြမ်း အယူခံတရားရုံးက တနင်္ဂနွေနေ့က ပယ်ချခဲ့ပြီးတဲ့နောက်မှာတော့ တားမြစ်ခံထားရတဲ့ နိုင်ငံတွေကလူတွေ အမေရိကန်နိုင်ငံကို ၀င်လာခွင့် ရသွားခဲ့ပြန်ပါတယ်။
သမ္မတ Trump ရဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ပြီးပြီးချင်းမှာပဲ ရွေ့ပြောင်း အခြေချ နေထိုင်ရေးအစီအစဉ်နဲ့ အမေရိကန်ကို မူလက လာဖို့ရှိတဲ့ မြန်မာ ဒုက္ခသည်တချို့ဟာလည်း ယာယီ ပိတ်ပင်ခံရပြီးတဲ့နောက် လောလောဆယ်မှာ ပြန်လာခွင့် ရနေကြပြီ ဖြစ်ပါတယ်။
Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ ရောက်နေတဲ့ ဒေါ်ဖောဝါးရဲ့ သမီးဖြစ်သူဟာ အမေရိကန်နိုင်ငံကို လာဖို့ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းကနေ ထွက်လာပြီးမှ သမ္မတရဲ့ အမိန့်ကြောင့် လာခွင့်မရဘူးဆိုပြီး ပြန်လှည့်သွားခဲ့ရာက အခုတော့ လာခွင့်ရတယ်ဆိုပြီး ပြန်လာနေပြီလို့ ဆိုပါတယ်။
မြန်မာလို ကျွမ်းကျင်စွာ မပြောတတ်တဲ့အတွက် ဘာသာပြန်နဲ့တဆင့် မေးကြည့်တဲ့အခါ သူ့သမီး ထိုင်းနယ်စပ် ဒုက္ခသည်စခန်းကနေ ထွက်လာနေပြီဖြစ်ကြောင်း ဒေါ်ဖောဝါးက အခုလို ပြောပါတယ်။
“အခုတော့ သမီးက အမေရိကန်ကို ထွက်လာပြီလို့ အသိတွေက ပြောပါတယ်။ ဒါပေမဲ့ သမီးရဲ့ သတင်းက ဘာမှ မကြားရသေးပါဘူး။”
မေး။ ဒေါ်ဖောဝါးရဲ့ သမီးက နယ်စပ် ဘယ်စခန်းကနေ ထွက်လာတာပါလဲ။
ဖြေ။ “မယ်ရာမူး စခန်းကနေ ထွက်လာတာပါ။”
မေး။ ဒေါ်ဖောဝါးရဲ့ သမီးက တယောက်ထဲလာတာလား၊ တခြား အဖော်တွေပါသေးလား၊ သူနဲ့ ဘယ်နှစ်ယောက် လာတာပါလဲ။
ဖြေ။ “သမီးကတော့ တယောက်ထဲပါ၊ ဒါပေမယ့် သူနဲ့အတူ တခြား မိသားစု တခုလည်း ပါပါတယ်။”
သမ္မတ Trump ရဲ့ အမိန့်ကြေညာချက်ကြောင့် အစပိုင်းမှာ သူ့သမီး လုံးဝ လာလို့မရတော့ဘူးထင်ပြီး သမီးအတွက် စိုးရိမ်နေခဲ့ကြောင်းလည်း ဒေါ်ဖောဝါးက အခုလို ဆက် ရှင်းပြပါတယ်။
“သမီးက ဟိုး… စခန်းမှာ တယောက်ထဲပဲ ကျန်ခဲ့တယ်။ (သမ္မတ Trump က ပြည်ဝင်ခွင့် ယာယီ ပိတ်လိုက်ပြီးတဲ့နောက်) ဘာမှ လုပ်လို့မရလို့ သမီးအတွက် စိတ်ပူမိတယ်။”
Philadelphia မြို့မှာ ရောက်နေတဲ့ မခိုင်ဇာရဲ့ အမျိုးသားဖြစ်သူဟာလည်း မူလက ဖေဖော်ဝါရီလဆန်းပိုင်းမှာ မလေးရှားနိုင်ငံကနေ အမေရိကန်နိုင်ငံကို ရွေ့ပြောင်း အခြေချနေထိုင်ရေး အစီအစဉ်နဲ့ ရောက်ဖို့ ရှိပေမယ့်လည်း လူအရမ်းများလွန်းတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့က သူ့ခရီးစဉ်ကို ယာယီ ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။
“ညီမတို့ထင်တာကတော့ လူအရမ်းများလို့ပေါ့နော်။ Donald Trump နဲ့တော့ မဆိုင်ဘူးလို့ ထင်တာပဲ။”
မေး။ သူ့ကို ဘယ်သူကနေ အကြောင်းကြားတာလဲ။
ဖြေ။ “ညီမကို အေဂျင်စီက ဖုန်းခေါ်တာပါ။”
Indiana ပြည်နယ်၊ Indianapolis မြို့က ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်နေတဲ့ ဒေါက်တာ Ro Dinga ကတော့ မလေးရှားကနေ ချင်းတိုင်းရင်းသား၊ မြန်မာဒုက္ခသည် မိသားစုတခု အခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထွက်လာဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။
“အခု ကျနော့်ကို ဆက်သွယ်တဲ့သူက သူ့ကို UNHCR ကပဲ ခေါ်တာ ဖြစ်တယ်။ အနီးကပ်သင်တန်းတွေ ဘာတွေ ပေးဖို့ပေါ့နော်။ အဲဒါ ရယ်ဒီ (အဆင်သင့်) လုပ်ခိုင်းတဲ့သဘော။ နောက်ဆုံးမှာမှ အမေရိကန်သံရုံးကနေ သူတို့ကို ဗီစာ ထုတ်ပေးရမှာကို။ အဲဒါဆိုတော့ သူ့ဘက်ကလည်း မသေမချာ ဖြစ်နေတယ်လေ။”
မေး။ မူလအစီအစဉ်အတိုင်းဆိုရင် (ဖေဖော်ဝါရီလ) ၁၄ - ၁၅ မှာ ရောက်ဖို့ ရှိတယ်ပေါ့။
ဖြေ။ “ဟုတ်တယ်။ သူ့ကို ရက်ချိန်းကတော့ သေချာ ပေးလိုက်တယ်။ ၁၄ ရက်နေ့ ထွက်မယ်၊ Indianapolis ကို ၁၅ ရက်နေ့ ရောက်မယ်၊ အဲဒီလို သူပြောတယ်လေ။”
တရားသူကြီး ၃ ဦး ပါဝင်တဲ့ ပြည်ထောင်စု အယူခံ တရားရုံးက အင်္ဂါနေ့မှာ ကြားနာမှုကနေ တိချ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစုံတရာ ထွက်မလာဘူးဆိုရင်တော့ ဒီအမှုဟာ နိုင်ငံတော် တရားရုံးချုပ်မှာ နောက်ဆုံး ကြားနာရမယ့် အခြေအနေကို ဆိုက်ရောက်နိုင်ပါတယ် ခင်ဗျား။