သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်က ဆင်းပြေးခဲ့သူ ကရင်ဒုက္ခသည် ကန်တရားရုံး အာမခံနဲ့လွတ်


အမေရိကန် လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေ ဆင်းပြေးခဲ့သူ ကရင်ဒုက္ခသည် ထွန်းလုံစိန်။
အမေရိကန် လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေ ဆင်းပြေးခဲ့သူ ကရင်ဒုက္ခသည် ထွန်းလုံစိန်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့ဗဟို အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကရင်လူမျိုး ဒုက္ခသည် ကိုထွန်းလုံစိန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ အမေရိကန်ပြည်ထောင်စု New Jersey ကိုရောက်လာခဲ့တဲ့ ကိုထွန်းလုံစိန်ဟာ သူအခြေချနေထိုင်မယ့် မြောက်ကယ်ရိုလိုင်းနား ကမ်းခြေမြို့ New Bern ကိုအသွား လေယာဉ်မယ်တဦးရဲ့လက်ကို ကိုက်ပြီး လေယာဉ်ပေါ်က ဆင်ပြေးခဲ့တဲ့ အမှုအတွက် တရားရုံးမှာ ဆက်လက် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကို စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကရင်တိုင်းရင်းသား ဒုက္ခသည် ကိုထွန်းလုံစိန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ Charlotte မြို့ဗဟိုအကျဉ်းထောင် ကနေ ပြန်လွှတ်ပေးလိုက်ပြီဖြစ် တယ်လို့ ဒုက္ခသည်တွေ အမေရိကန်ကိုလာဖို့ ကူညီပေးနေတဲ့ Episcopal Migration Ministries ဘာသာရေးအဖွဲ့ တာဝန်ရှိသူ Ms. Deb Blackwook က ပြောပါတယ်။

“ ဟုတ်ပါတယ်။ လက်ရှိ သူဟာ အကျဉ်းထောင်အပြင်ကို ရောက်နေပါပြီ။ ပြီးခဲ့တဲ့အပတ်ထဲမှာ သူပြန်လွတ်လာတာ ဖြစ်ပါတယ်။ အခုတော့ သူတယောက်ထဲ အထီးကျန်ဆန် မနေတော့ပါဘူး။ သူ့နဲ့ ဘာသာစကားတူတဲ့ အသိုင်းအဝိုင်းတွေကြားမှာ နေနေရပါပြီ။ သူ့လုံခြုံရေးအတွက် သူ့အမှုနဲ့ပတ်သက်တဲ့ အခြား အချက်လက်တွေကိုတော့ ကျမ ဘာမှ မပြောလိုပါဘူး ”

အသက် ၂၂ အရွယ် ကိုထွန်းလုံစိန်ဟာ ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းမှာ ကတည်းက ဆေးကုသမှု ခံယူနေသူဖြစ်တာကြောင့် သူ့ရှေ့နေရဲ့ လျှောက်လဲချက်တွေအရ ကိုထွန်းလုံစိန်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို ငဲ့ကွက်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ပြန်လွှတ်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပုံရကြောင်း ကိုထွန်းလုံစိန် Charlotte မြို့အကျဉ်းထောင်မှာရှိစဉ် စကားပြန်အဖြစ် ကူညီဆောင်ရွက် ပေးခဲ့သူ စောခူးထူးက VOA ကို ပြောပါတယ်။

“ ပြီးခဲ့တဲ့ တပတ်လောက်က သူ့ကို တရားရုံးကနေလွှတ်လိုက်တာ တရားသေတော့ မဟုတ်ဘူး။ သူ့မှာ ရုံးချိန်းတွေရှိသေးတယ်လို့ ပြောပါတယ်။ ဆိုတော့ကာ သူ့ကို အခုတော့ အာမခံနဲ့ လွှတ်ထားတဲ့သဘောရှိပါတယ်။ သူ့ရုံးချိန်းတွေအတွက်ကလည်း သူ့မှာ နည်းနည်းလေး အခက်အခဲရှိနေတာက သူ့မှာ စကားပြန်မရှိဘူး ဖြစ်နေတယ်။ ”

“ ဒီတရားရုံးမှာ သုံးမဲ့ စကားပြန်၊ တရားဝင် စကားပြန်ပေါ့နော် လိုအပ်တဲ့အတွက် အဲဒီဟာအတွက်လည်း သူတို့က ရှာနေရတာပေါ့နော်။ သူ့ရဲ့ ရုံးချိန်းတွေလည်း ရှိသေးတယ်လို့ ပြောတယ်။ ကျနော်ထင်တာ တခေါက်တော့ မဟုတ်နိုင်သေးဘူး။ သူအခု ရှားလော့မှာရှိပါတယ်။ ကျနော်တို့ဒီ ဒုက္ခသည်ကိုကူညီတဲ့ ဒီ ကက်သလစ်ဌာနက အေဂျင်စီကနေပြီးတော့ သူ့ကို ရှားလော့က အပတ်မင့်တခု ငှားထားပေးတယ်လို့ သိရတယ်။ ကျနော်အဲဒီမှာ သွားတွေ့တယ်။ သူအဲဒီအခန်း အပတ်မင့်မှာ သူတယောက်ထဲနေတယ်။ သူ့ကိုကြည့်ရတာကတော့ လောလောဆယ်တော့ အခြေနေ အဆင်ပြေပါတယ်။ ထမင်းတွေဘာတွေ ကိုယ့်ဟာကိုယ် ချက်စားတတ်တယ် ဆိုတော့လေ။”

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ သူ့ရဲ့ ကျန်းမာရေး အခြေနေကကော ဘယ်လိုမြင်ရပါသလဲ။

စောခူးထူး။ ။ ကျန်းမာရေးကတော့ကောင်းတယ် သူ့အတွက်။ ကျန်းကျန်းမာမာပဲ။ သူ့ကို မေးကြည့်တဲ့အခါမှာလည်း အဖြေ ကတော့ တိုက်ရိုက် မဖြေနိုင်ဘူး။ ဒါပေမဲ့ သူကတော့ ချက်ချင်း ဖြစ်နိုင်ရင်တော့ သူ့အမေနဲ့ စကားပြောချင်တယ် လို့ပြောတယ်။ အဲဒီနေ့ ညမှာပဲ ကျနော် ခေါ်ကြည့်သေးတယ်။ ခေါ်လို့ မရဘူး။

ကိုဉာဏ်ဝင်းအောင်။ ။ ဘာကြောင့် လေယာဉ်ပေါ်ကနေ ဆင်းပြေးရသလဲဆိုတာ မေးကြည့်သေးလား ခင်ဗျ။

စောခူးထူး။ ။ ဟုတ်ကဲ့ မေးကြည့်တာ အဖြေမရပါဘူး။ သူ့ကို မေးလိုက်တိုင်း သူက တခုခုကို တွေးနေသလိုပဲ။ သူတခါ ဖြေဘူးတာကတော့ ဖြစ်သွားလို့ ဖြစ်သွားတယ်လို့ ဖြေတယ်။ ဆိုတော့ သူ့ကို မေးခွန်းတခုခုကို သေချာမေးကြည့်လိုက်ရင် မဖြေနိုင်ဘူး ဖြစ်နေတယ်။ ကြည့်ရတဲ့ ပုံစံကတော့ သူလည်းပြောပြတယ်။ သူထိုင်းဘက်မှာ ဒုက္ခသည်စခန်းမှာ နေခဲ့တုံးက သူဆေးတွေဘာတွေ သောက်ရတယ်လို့ ပြောတယ်။

ကိုထွန်းလုံစိန်မှာ ဇနီးနဲ့ ကလေးငယ်ရှိပြီး လောလောဆယ် မယ်လဒုက္ခသည်စခန်းထဲမှာ နေထိုင်နေကြောင်း၊ မကြာခင်မှာ သူတို့ အမေရိကန် ပြည်ထောင်စုကို ရောက်လာမယ်လို့ မျှော်လင့်ထားရကြောင်း စောခူးထူးက ပြောပါတယ်။

“ သူ့ရဲ့ အမျိုးသမီးနဲ့ သူ့ ကလေးက ကျနော်ထင်တာက ဟိုဟာ ထိုင်းမှာ ကျန်ရစ်ခဲ့တယ် မကြာခင်လာမယ်လို့တော့ သိရတယ်။ နောက်ပြီးတော့ သူ့မှာ ဒီမှာ အမျိုးတွေလည်း ရှိတယ်လို့ ပြောတယ်ခင်ဗျ။ ဒီမှာ အဆက်သွယ်ရတယ်လို့ ပြောတယ်။ တကယ်လို့သာ တယောက်ယောက်က အမျိုးတွေ ဘာတွေ ဖြစ်ဖြစ်ပေါ့နော် သူ့ကို လက်ခံပြီးတော့ ကြည့်ရှုနိုင်မယ်ဆိုလို့ရှိရင်တော့ သူ့ကို ဒီမှာ တနေရာရာမှာတော့ အခြေချ ပေးဖို့ရှိပါတယ်။ ဟိုဟာပေါ့နော် မိသားစုတွေနဲ့ ကောင်းကောင်း မွန်မွန်နေရင်တော့ ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။”

ကိုထွန်းလုံစိန်ဟာ မေလ ၂၅ ရက်နေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte Douglas နိုင်ငံတကာ လေဆိပ်ကနေ အမေရိကန် လေကြောင်းလိုင်း AA ခရီးစဉ်အမှတ် 5242 နဲ့ သူအခြေချနေထိုင်မယ့် ကမ်းခြေမြို့ New Bern ကိုသွားမယ့်လေယာဉ် ပျံသန်းဖို့ ပြင်နေချိန်မှာ ထိုင်ရာကထပြီး လေယာဉ်တံခါးမကြီးကို သွားဖွင့်ဖို့ ကြိုးစားတုန်း၊ လေယာဉ်မယ်နဲ့ တခြားခရီးသည် ၂ ဦးက တားမြစ်ရာက လေယာဉ်မယ်ရဲ့ လက်ကို ကိုက်ပြီး လေယာဉ်ပြေးလမ်းပေါ် ခုန်ချထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက် လေဆိပ်ဝန်ထမ်းတွေက သူ့ကို ဝိုင်းဖမ်းဆီးပြီး အမှုရင်ဆိုင် နေရတာဖြစ်ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ၂၀၀၅ ခုနှစ်ကနေစလို့ လာရောက် အခြေချနေထိုင်တဲ့ ဒုက္ခသည်ပေါင်း၂ သောင်း ၅ ရာကျော်ရှိပြီး အဲဒီထဲက ၇ ထောင် ၄ ရာကျော်ဟာ မြန်မာဒုက္ခသည်တွေဖြစ်ကြပါတယ်။ New Bern မြို့မှာ အခြေချနေထိုင်တဲ့ မြန်မာဒုက္ခသည် ဦးရေ ၁ ထောင် ၉ ရာရှိတဲ့ထဲမှာ အများစုက ကရင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG