သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးသတင်းသမားအမှု တူရကီနဲ့ ဆော်ဒီ ဆွေးနွေး


တူရကီ နိုင်ငံ အစ္စတန်ဘူးလ် မြို့တော်က ဆော်ဒီအာရေးဗျ ကောင်စစ်ဝန်ရုံးကို အောက်တိုဘာလ ၂ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းသမား Jamal Khashoggi အရေးနဲ့ ပတ်သက်ပြီး ပူးတွဲ အလုပ်အဖွဲ့ ဖွဲ့စည်းရေး တူရကီနဲ့ ဆော်ဒီအာရေးဗျ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ ဆော်ဒီဘုရင် Salman တို့ မနေ့ တနင်္ဂနွေနေ့ညက ဒီကိစ္စကို တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာတွေကနေ ဖော်ပြခဲ့ကြပါတယ်။ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲကို Khashoggi ဝင်ရောက်သွားပြီးနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတဲ့ အပေါ် ဆော်ဒီနဲ့ တူရကီတို့ရဲ့ ပြောဆိုချက်တွေ ကွဲလွဲနေတာပါ။ Khashoggi အသတ်ခံလိုက်ရပြီလို့ ယုံကြည်တဲ့ အကြောင်း တူရကီ တာဝန်ရှိသူတွေက ပြောဆိုပြီး ဆော်ဒီဘက်ကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက် အဖြစ် တုံ့ပြန်ပါတယ်။

Khashoggi က ကောင်စစ်ဝန်ရုံးကနေ သူ့ဘာသာ ပြန်သွားတာလို့ ဆော်ဒီဘက်က ပြောဆိုထားတာပါ။ ဒါပေမယ့် နှစ်ဘက်စလုံးတို့ကတော့ ခိုင်မာတဲ့ အထောက်အထားတွေ မပြနိုင်ကြပါဘူး။ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ Khashoggi အသတ်ခံလိုက်ရတယ်လို့ သတ်မှတ်လိုက်ရင်တော့ ဆော်ဒီ အပေါ် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အမေရိကန် သမ္မတ Donald Trump က CBS သတင်းဌာနရဲ့ မိနစ် ၆၀ အစီအစဉ်မှာ ပြောကြားခဲ့ပြီး နောက်မှာတော့ အမေရိကန် သမ္မတရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်မှုကို ဆော်ဒီအာရေးဗျ ဘက်က ပယ်ချပါတယ်။

ဆော်ဒီဘုရင့်နိုင်ငံ အနေနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု၊ နိုင်ငံရေး အရ ဖိအားပေးမှု ဒါမှမဟုတ်လည်း မမှန်မကန် စွပ်စွဲမှုတွေ စတဲ့ ဘယ်လို ခြိမ်းခြောက်မှုတွေကို မဆို အားလုံးကို ပြတ်ပြတ်သားသား ပယ်ချတယ်လို့ အမည်မဖော်တဲ့ အစိုးရ တာဝန်ရှိသူ တဦးကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG