သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရေးယူရင် လက်တုံ့ပြန်မယ်လို့ ဆော်ဒီပြော


ဆော်ဒီသတင်းထောက် Jamal Khashoggi ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်သမ္မတ Donald Trump ကခြိမ်းခြောက်နေပေမယ့် တကယ်လို့ အမေရိကန်က အရေးယူဒဏ်ခတ်မှုတွေ ချမယ်ဆိုရင် စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ လက်တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစကြောင်း ဆော်ဒီအာရေဗျက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

သတင်းထောက် Khashoggi ပျောက်ဆုံးမှုမှာ တူရကီဘက်က ယုံကြည်ထားသလို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်တုန်းက Istanbul က ဆော်ဒီသံရုံးထဲမှာသာ သူအသတ်ခံရတာ သေချာရင် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာ ဖြစ်ကြောင်း သမ္မတ Trump က CBS ရုပ်သံကို ပြောကြားလိုက်တဲ့ နောက်တနေ့မှာပဲ ဆော်ဒီအစုရှယ်ယာဈေးတွေဟာ ၇ % ထိုးကျသွားခဲ့ပြီး ဈေးပိတ်ချိန်ကျမှသာ ၅ % အကျနဲ့ ဈေးပိတ်သွား ခဲ့တာပါ။

အခုလို စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘူးလို့ ဆော်ဒီအစိုးရက ငြင်းဆိုထားပေးမယ့် လက်ထပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ယူဖို့ လာရောက်ခဲ့တဲ့ သတင်းထောက် Khashoggi သူတို့ ကောင်စစ်ရုံးထဲကနေ ပြန်လည် ထွက်ခွာသွားကြောင်း အထောက်အထားတော့ မပြနိုင်ပါဘူး။

ဆော်ဒီအစိုးရထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ခြိမ်းခြောက်ဖို့ ကြိုးစားမှုတွေကို ဆော်ဒီဘက်က လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ဖော်ပြထားသလို ခြိမ်းခြောက်မှု တစုံတရာမှ မရခဲ့ကြောင်းလည်း အတည်ပြုထားပါတယ်။

Khashoggi ဟာ ဝါရှင်တန်ပို့စ် သတင်းစာမှာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကို ဝေဖန်တဲ့ စာတွေရေးသားနေသူ ဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ခိုလှုံနေသူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG