သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းဂယက် ကန်-တူရကီ ဆက်ဆံရေး ထိခိုက်ဖွယ်မရှိ


အမေရိကန်- တူရကီ။
အမေရိကန်- တူရကီ။

တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုပေါ်ပေါက်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ တန်ပြန် နှိမ်နှင်းမှုတွေဟာ အလွန်အကျွံ ဖြစ်လာမလားလို့ နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် အမေရိကန်၊ NATO စတဲ့ အရေးကြီး မဟာမိတ်တွေနဲ့ တူရကီအစိုးရတို့ကြား ဆက်ဆံရေး တစုံတရာ ထိခိုက်လိမ့်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ လေ့လာသုံးသပ်သူတို့က မြင်ပါတယ်။ ဗွီအိုအေ သတင်းထောက်တွေရဲ့သတင်းပေးပို့ချက်တွေကို အခြေခံပြီး ဦးကျော်ဇံသာက တင်ပြမှာပါ။

ပြီးခဲ့တဲ့သောကြာနေ့က တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တရပ်ပေါ်ပေါက် ခဲ့ပြီးတဲ့နောက် သမ္မတ က အရေးပေါ်အခြေအနေ တရပ်ကြေညာလိုက် ပါတယ်။

"အရေးပေါ်အခြေအနေ ကြေညာရတဲ့ရည်ရွယ်ချက်က ဒီအကြမ်းဖက်မှုကို ဖယ်ရှားပစ်နိုင်အောင် ထင်ထင်ရှားရှား ထိထိရောက်ရောက် ဆောင်ရွက် ဖို့ ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်တဲ့ကိစ္စဖြစ်ပါတယ်။ အရေးပေါ် အခြေအနေ ကြေညာခြင်းအားဖြင့် ဒီတန်ဖိုးထားမှုတွေကို ခိုင်မာစေဖို့နဲ့ ကာကွယ်ဖို့ဖြစ်ပါတယ်။"

တူရကီသမ္မတ Tayyip Erdogan
တူရကီသမ္မတ Tayyip Erdogan

သူ့ကို ထောက်ခံသူတွေကလည်း အများကြီးပါ။ Istanbul မြို့ ဒေသခံတဦးကဆိုရင် သမ္မတရဲ့လုပ်ရပ်ကို အပြတ်ထောက်ခံ ကာကွယ်မယ်လို့ ပြောပါတယ်။

" ဒါဟာ သိပ်အပြုသဘောဆောင်ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့တိုင်းပြည်ကို လွယ်လွယ်ကူကူနဲ့ ရရှိထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ နဲ့ မပေးနိုင်ပါဘူး။ ဒီရင်ပြင်တွေကနေ ကျနော်တို့ ဖယ်ပေးမှာ မဟုတ်ပါဘူး။ ဘယ်သူလာလာ ရင်ဆိုင်မယ်။ လေယာဉ်နဲ့လာလာ၊ ရဟတ်ယာဉ်နဲ့ လာလာ လာချင်တာနဲ့ လာပါစေ။"

သမ္မတ Erdogan ဟာ အခုကိုပဲ နှိမ်နှင်းနှိပ်ကွပ်မှုတွေ လုပ်ခဲ့တာ အများအပြား ရှိနေပါပြီ။ စစ်ဘက်က လူပေါင်း ခြောက်ထောင်အပါအဝင် ဖမ်းဆီးထားသူပေါင်း ကိုးထောင်ကျော်ရှိခဲ့ပါပြီ။ သမ္မတ Erdogan ဟာ ရုံးတင်စစ်ဆေးမှုအတွက် ကြိုထိန်းသိမ်းထားတာလို့ဆိုပါတယ်။ တရားသူကြီးတွေ ပညာရှင်တွေ စတဲ့ အရာရှိပေါင်း ငါးသောင်းကျော်ကိုလည်း ရာထူးက ဖယ်ရှားထားပြီးဖြစ်ပါတယ်။

အကဲခတ်သမားတွေကတော့ သမ္မတ Erdogan ရဲ့ မူလပစ်မှတ်ဟာ Fethullah Gulen ရဲ့ နောက်လိုက်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအာဏာသိမ်းဖို့ ကြိုးပမ်းရာမှာ ပါဝင်တဲ့သူတွေကို အရေးယူနှိမ်နှင်းတဲ့အခါ တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။ အကဲခတ်သမား တချို့ကတော့ တူရကီအာဏာသိမ်းမှုဂယက်ဟာ အမေရိကန်-တူရကီ ဆက်ဆံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုထားပါတယ်။

ဒီကိစ္စမှာ သမ္မတ Erdogan ရဲ့ အဓိက စွပ်စွဲနေတဲ့ သူ့ရန်သူဟောင်း Fethullah Gulen ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူဖြစ်တဲ့အတွက် သူ့ကို လွှဲပြောင်းပေးဖို့ တူရကီက တောင်းဆိုနေပါတယ်။ မစ္စတာ Gulen ဟာ ဒီကိစ္စမှာ သူမပါဝင်ဘူးလို့ ငြင်းဆန်ထားသလို အမေရိကန်အစိုးရကလည်း သူပါဝင် ပတ်သက်တယ် ဆိုတဲ့ တရားဝင်အထောက်အထားတွေ ပြသဖို့ လိုတယ်လို့ ဆိုပါတယ်။

သို့ပေမဲ့လည်း အမေရိကန်-တူရကီနှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စရာမလိုဘူးလို့ တူရကီသမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Ayse Sozen Usluer က ဆိုပါတယ်။ ဒီအာဏာသိမ်းဖို့ ကြိုးပမ်းရာမှာ အမေရိကန် ပါဝင်ပတ်သက်မှု မရှိဘူး ဒါပေမဲ့ အမေရိကန်လွှတ်တော်အမတ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ပဲ ဝေဖန်စရာရှိ တယ်လို့တော့ အခုလိုပြောခဲ့ပါတယ်။

" အမေရိကန်ဆီနိတ်တာ နှစ်ယောက်က တူရကီအာဏာရှင်ကို စစ်တပ်က ဖြုတ်ချဖို့ လုပ်နေတယ်။ သတင်းကောင်းပဲဆိုပြီး တွစ်တာမှာ ရေးခဲ့ကြပါတယ်။ ဒီလို ထင်ကြေးပေးမှုဟာ တူရကီလူထုအတွက် အကျိုးမရှိပါဘူး။ ကျမတို့မှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီးတော့ ပြည်ပ မိတ်ဆွေတွေရဲ့ထောက်ခံမှု ကို မျှော်လင့်နေရ တာပါ။ အခုလိုရေးတာ လူထု အထင်မှားစေပါတယ်။ အာဏာသိမ်း ကြိုးပမ်းမှုမှာ ပြည်ပ က ပါဝင်ပတ်သက်တဲ့ တရားဝင် အထောက်အထား မတွေ့ရပါဘူး။ "

တူရကီနိုင်ငံဟာ နေတိုးအဖွဲ့ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ လည်းဖြစ်နေပါတယ်။ နေတိုးအဖွဲ့ အနေနဲ့ကတော့ အခုတူရကီနိုင်ငံရဲ့ အရေးယူမှုတွေဟာ အလွန်အကျွံ မဖြစ်စေချင်ပေမဲ့ နေတိုးအဖွဲ့ဝင်အဖြစ်တော့ ဆက်လက်ရှိနေမှာ သေချာပါတယ်လို့ NATO အဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က ပြောပါတယ်။

" သူတို့ဟာ NATO ရဲ့ခိုင်မာတဲ့မဟာမိတ်အဖြစ် ဆက်လက်ရှိသွားမယ်လို့ ကျနော် သေချာယုံကြည်ပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးအတွက် အရေးကြီးပါတယ်။ အာဏာသိမ်းတာကို တုန့်ပြန်အရေးယူမှုနဲ့ပတ်သက်လို့ကတော့ ထိုက်တန်ရုံပဲ လုပ်ဖို့ အာဏာသိမ်းဖို့ ကြိုးပမ်းရာမှာ တကယ်ပါဝင်ပတ်သက်သူ တာဝန်ရှိသူတွေကိုပဲ အရေးယူဖို့ပဲမျှော်လင့်ပါတယ်။ တူရကီနိုင်ငံမှာ ရှိတဲ့နေတိုးတပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာတွေဟာ လုံလုံခြုံခြုံ ရှိနေပါတယ်။ IS တွေကို တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ အမေရိကန် ဦးဆောင်ညွှန့်ပေါင်း တပ်ဖွဲ့တွေက ဆိုပါတယ်။"

NATO Secretary General
NATO Secretary General

အခုဖြစ်ရပ်ကြောင့် တူရကီနဲ့ တခြားနိုင်ငံများရဲ့ ဆက်ဆံရေးဟာ ထိခိုက်ပျက်ပြားနိုင်စရာ အကြောင်းမရှိဘူးလို့ဆိုပေမဲ့ အခုလို အရေးပေါ်ကြေညာ လိုက်တဲ့အတွက် တူရကီနိုင်ငံမှာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ပိုမိုကန့်သတ်ခြင်း ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ မြင့်မားနေတာအမှန်ပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG