သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tennessee ပြည်နယ်လွှတ်တော်အမတ် ၂ ယောက်ဖယ်ရှားခံရ 


အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်လွှတ်တော်က ထုတ်ပယ်ခံရတဲ့ လွှတ်တော်အမတ် Justin Jones (ဝဲ) နဲ့ Justin Pearson (ယာ) (ဧပြီ ၆၊ ၂၀၂၃)
အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်လွှတ်တော်က ထုတ်ပယ်ခံရတဲ့ လွှတ်တော်အမတ် Justin Jones (ဝဲ) နဲ့ Justin Pearson (ယာ) (ဧပြီ ၆၊ ၂၀၂၃)

အမေရိကန် တောင်ပိုင်း Tennessee ပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်ပါတီဝင် လူမည်းအောက်လွှတ်တော်အမတ် ၂ ယောက်ကို Republican အများစုလွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲထုတ်ပယ်လိုက်ပါတယ်။ ထုတ်ပယ်ခံရတဲ့ အောက်လွှတ်တော်အမတ် ၂ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ Justin Jones က ဒီမိုကရေစီအမှောင်ဖုံးတဲ့ သမိုင်းဝင်နေ့ဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

Tennessee ပြည်နယ်အတွက် သမိုင်းဝင်တဲ့နေ့ဖြစ်ပါတယ်။ ဒီပြည်နယ်မှာ ဒီမိုကရေစီမရှိတော့ဘူးလို့ အချက်ပြလိုက်တာဖြစ်တာမို့ အမှောင်ဖုံးတဲ့နေ့အဖြစ် မှတ်တမ်းကျန်ခဲ့မှာဖြစ်ပါတယ်။ အခုလို Tennessee ပြည်နယ်မှာ ဖြစ်တယ်ဆိုရင် တခြားပြည်နယ်တွေမှာလည်း ဖြစ်နိုင်တယ်ဆိုတာ အချက်ပြလိုက်တာဖြစ်ပါတယ်လို့ ထုတ်ပယ်ခံရတဲ့ အမတ် Justin Jones ကပြောကြားသွားခဲ့တာပါ။ ပြည်နယ် လွှတ်တော်အဆောက်အဦတွင်းမှာ ပြီးခဲ့တဲ့သီတင်းပါတ်က သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ခုလို ထုတ်ပယ်ခံခဲ့ရတာပါ။

ဆန္ဒပြပွဲမှာ ပါဝင်ပြီး လွှတ်တော်ကထုတ်ပယ်မခံခဲ့ရတဲ့ ဒီမိုကရက်တစ်အမတ် Gloria Johnson (ဧပြီ ၆၊ ၂၀၂၃)
ဆန္ဒပြပွဲမှာ ပါဝင်ပြီး လွှတ်တော်ကထုတ်ပယ်မခံခဲ့ရတဲ့ ဒီမိုကရက်တစ်အမတ် Gloria Johnson (ဧပြီ ၆၊ ၂၀၂၃)

ဆန္ဒပြမှုကြောင့် လွှတ်တော်အစည်းအဝေးထိခိုက်ခဲ့တဲ့အတွက် စည်းကမ်းအရလုပ်တာ ဖြစ်တယ်လို့ Republican အမတ်တွေဘက်က ပြောပါတယ်။ ထုတ်ပယ်ခံရတဲ့ လွှတ်တော်အမတ်တွေဖြစ်တဲ့ Justin Jones နဲ့ Justin Pearson တို့ ၂ ယောက်လုံးက အာဖရိကနွယ်ဖွား အမေရိကန်တွေဖြစ်ကြပါတယ်။ ဆန္ဒပြပွဲမှာ သူတို့နဲ့အတူ ရပ်ပြီးထောက်ခံမှုပြသခဲ့တဲ့ လူဖြူ ဒီမိုကရက်တစ်အမတ် Gloria Johnson ကိုလည်း မဲခွဲဖယ်ရှားဖို့လုပ်ခဲ့ပေမဲ့ ဖယ်ရှားနိုင်လောက်အောင် မဲမရခဲ့ပါဘူး။ Tennessee ပြည်နယ် ဥပဒေအရ လွှတ်တော်အမတ် ၁ ဦးကို ပြည်နယ်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ ထောက်ခံမဲနဲ့ ထုတ်ပယ်ခွင့်ရှိပါတယ်။

ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ လက်တွဲခဲ့တဲ့ လွှတ်တော်အမတ်တွေကို ထုတ်ပယ်တာဟာ ဒီမိုကရေစီနည်းမကျတဲ့အပြင် မကြုံစဖူး အံဩထိတ်လန့်စရာ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က Twitter မှာ ရေးသား တုံ့ပြန်ခဲ့ပါတယ်။ မကြာသေးခင်က Tennessee ပြည်နယ် Nashville မြို့တော်က စာသင်ကျောင်းတခုကို သေနတ်သမားဝင်ရောက် ပစ်ခတ်မှုကြောင့် ကလေးအရွယ် ကျောင်းသား ၃ ယောက်နဲ့ ကျောင်းဝန်ထမ်း ၃ ယောက် သေဆုံးခဲ့ရတဲ့အတွက် လက်နက်ကိုင်ဆောင်ရေး ထိန်းချုပ်ဖို့ တောင်းဆိုဆန္ဒပြပွဲမှာ လွှတ်တော်အမတ်တွေ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG