သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူ ၂ ဦး တာဝန်က အနားယူတဲ့အပေါ် သုံးသပ်ချက် 


ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ စီမံဘဏ္ဍာ ဝန်ကြီးဌာနတွေက ထိပ်တန်းအရာရှိ ၂ ဦးကို တာဝန်က အနားပေးကြောင်း ကြေညာလိုက်ပါတယ်။ တာဝန်က အနားပေးလိုက်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ စီးပွားရေး ပြဿနာတွေ ကြုံတွေ့နေရချိန်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြေညာချက်ကြောင့် ခန့်မှန်းချက်တွေလည်း အမျိုးမျိုး ရှိနေပါတယ်။ စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေ တာဝန်က အနားပေးလိုက်တဲ့အပေါ် ရိုက်ခတ်လာနိုင်ခြေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရုံး အမှတ် (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို တာဝန်ကနေ အနားယူခွင့်ပြုတယ်လို့ စစ်ကောင်စီက မေလ ၂၇ ရက် မနေ့က ကြေညာပါတယ်။

မြန်မာ့စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍမှာ ဆယ်စုနှစ်တခုကျော်လောက် ပါဝင်နေခဲ့တဲ့ ဒီဝန်ကြီးနှစ်ဦးကို စစ်ကောင်စီက အနားပေးလိုက်ပေမဲ့ ဘာကြောင့် အနားပေးလိုက်တယ်ဆိုတာကတော့ ဖော်ပြမထားပါဘူး။ ဒါအပြင် အနားပေးလိုက်တဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီး နေရာတွေအတွက် အစားထိုးခန့်အပ်တာတွေကို‌တော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကို မထိန်းချုပ်နိုင်တာနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေမအောင်မြင်တဲ့အပေါ်မှာ စစ်ကောင်စီက တရားခံရှာတဲ့ ပုံစံမျိုး ဖြစ်နိုင်ကြောင်း ပြည်တွင်းစီးပွားရေးသုံးသပ်နေသူတဦးက အခုလို ဗွီအိုအေကို မှတ်ချက်ပေးပါတယ်။

“ဒါကတော့ ထုံးစံအတိုင်း အပြစ်တခုခု ပြလို့ရှိရင်လဲ ဖြစ်နိုင်တယ်ပေါ့။ ပြစရာအကြောင်းတခုခု ရှိရင်လဲ ရှိမယ်ပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း အနားယူခွင့်ပြုလိုက်သည်ပေါ့။ အခု စီးပွားရေး အရ စီမံခန့်ခွဲမှုအရ စီမံ ဘဏ္ဍာရေးလုပ်ငန်းတွေအရ မအောင်မြင်တဲ့အပေါ်မှာ နောက်ဆုံးအဆင့်ပေါ့နော် သူတို့ ၂ ယောက်ကို အပြစ်ပေးလိုက်တာမျိုး တရားခံရှာလိုက်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။ သို့သော် အစကတည်းက ဦးအောင်နိုင်ဦးကို အစကတည်းက စီးပွားကူးသန်းကနေပြီးတော့ သမတ္တရုံးဝန်ကြီး၊ စီမံကောင်စီဝန်ကြီး ဆိုပြီးတော့ ပြောင်းထားတာ ရှိတာကိုးနော်။ ခုတော့ အနားပေးလိုက်ပြီ။ ဆိုတော့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကတော့ စီမံဘဏ္ဍာဝန်ကြီး တောက်လျောက်လုပ်တာကိုး။ အခုဟာက အဲ့လို စီးပွားရေးအရ စီမံခန့်ခွဲမှုအရ၊ ဒီစီမံကိန်းနဲ့ ဘဏ္ဍာရေးအရ မအောင်မြင်တာတွေကို တရားခံရှာလိုက်တာဖြစ်ဖို့များတယ်။ ဒီ ၂ ယောက်က ပြည်တွင်းမှာတော့ အထူးသဖြင့် ဦးအောင်နိုင်ဦးဆိုရင် တော်တော်လေး စွမ်းဆောင်ရည်ရှိတယ်လို့ မြင်ကြတာကိုးနော်။ ဒါပေမယ့် စစ်တပ်အသိုင်းအဝိုင်းက လာတဲ့လူဖြစ်တဲ့အတွက် သူ့စွမ်းဆောင်ရည်ဆိုတာလည်း အများကြီး အကန့်အသတ်ရှိတယ်။ ဆိုတော့ သူတို့မှာ ရှိသလောက် စွမ်းဆောင်ရည်ကလဲ ဒီအခြေအနေမှာ သူတို့ အောင်မြင်တာမရှိဘူး၊ မရှိပေမယ့် တရားခံတော့ လိုတာပေါ့နော်။ အဲ့လို တရားခံရှာပြီးတော့ တခြား လုပ်နိုင်မယ်ထင်တဲ့သူကို အနည်းဆုံး ရသေ့စိတ်ဖြေဖြစ်ဖြစ် အစားထိုးတာမျိုး လုပ်ဖို့ ကြိုးစားတာဖြစ်ပါလိမ့်မယ်။”

ဒါအပြင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အရည်အချင်း အားနည်းတဲ့အတွက် ဘယ်သူ့ကိုပဲ အစားထိုးခန့်အပ်ပါစေ အခြေအနေတွေဟာ ပြောင်းလဲ တိုးတက်လာဖို့တော့မရှိဘူးလို့ လုံခြုံရေးကြောင့် အမည်မဖေါ်လိုသူ စီးပွားရေးသုံးသပ်သူက ပြောပါတယ်။

“တယောက်ကတော့ စီမံဘဏ္ဍာမှာ တိုက်ရိုက်တာဝန်ယူထားပြီးတော့ နားသွားတယ်၊ နောက်တစ်ယောက်က စီမံကောင်စီ ကနေ နားသွားတယ်ဆိုတော့ သက်ရောက်မှုကတော့ သိပ်ထွေထွေထူးထူးတော့ ရှိလာစရာအကြောင်းတော့ မရှိပါဘူး။ ပြည်တွင်းမှာကတော့ ဦးအောင်နိုင်ဥ◌ီးတို့နဲ့ နီးစပ်တဲ့သူတွေကတော့ သူတို့တွေက လူတော်တွေပေါ့ သူတို့ကို ဖြုတ်လိုက်ရင် အဆင်မပြေလောက်ဘူးပေါ့။ လက်ရှိအခင်းအကျင်းမှာကတော့ ဘယ်လောက်တော်တဲ့လူနဲ့ဖြစ်ဖြစ် အလုပ်က ဖြစ်စရာအကြောင်းမရှိဘူး။ ပြိးတော့ နောက်ထပ် နေရာပေးလာရင်လဲ ပေးလာတဲ့ ဥစ္စာက သူတို့အရင်တုန်းက လုပ်ခဲ့သလောက်တောင် လုပ်နိုင်ဖို့ အခြေအနေ ရှိတာမဟုတ်ဘူး ဆိုတော့ ပြောရရင်တော့ အဆင်ပြေလာစရာ ကောင်းလာစရာမရှိဘူးပေါ့ ဒီလိုပဲ ပြောရမယ်၊ အခြေအနေ ပတ်ဝန်းကျင် အားလုံးက အဆိုးဖက်ကို သွားနေတယ်၊ သူတို့လဲ ပိုဆိုးတဲ့ အခြေအနေကိုပဲ ဦးတည်နေတယ်လို့ပဲ ပြောရမှာပဲ။”

ဦးအောင်နိုင်ဦးဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာရော NLD အစိုးရ လက်ထက်မှာပါ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ်‌ ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်အဖြစ် တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဝန်ကြီးအဖြစ် ရာထူးတက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)၊ ရုံးဝန်ကြီးဌာန (၂) တို့သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ အခု နောက်ဆုံး စစ်ကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၃)ရဲ့ ဝန်ကြီးအဖြစ် အနားယူခွင့် ပြုကြောင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။

အလားတူပဲ အနားပေးခံရတဲ့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတည်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အဲ့ဒီရာထူးအတိုင်းပဲ စစ်ကောင်စီက ဆက်ပြီး ခန့်ထားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG