သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးမယ့်အပေါ် ပြည်သူတချို့အမြင်


စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်တဲ့အပေါ်မှာ မိဘတွေ၊ ကျောင်းသားလူငယ်တွေအပါအဝင် အများပြည်သူအကြားမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။ ဒီကြေညာချက်အပေါ် အများပြည်သူအသံတွေကို ရန်ကုန်ကနေ စုစည်းတင်ဆက်ထားတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေဟာ 'ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစလို့ အသက်ဝင်ပြီ' ဆိုပြီး စစ်ကောင်စီက

တရားဝင် ကြေညာခဲ့တာပါ။ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် အဲဒီဥပဒေမှာ အမျိုးသားတွေကို အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ်အထိ သတ်မှတ်ထားပါတယ်။ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင်တော့ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့အမြင်သဘောထားတွေကို ရန်ကုန်ကစုစည်းတင်ပြကောက်ယူထားတာဖြစ်ပါတယ်။

သားတွေရဲ့ဖခင် ကိုဂျိမ်းက အခုလိုပြောပါတယ်။

“သားတွေရှိတဲ့ အဖေတယောက်အနေနဲ့ အများကြီးစိုးရိမ်မှုရှိပါတယ်။ ဒီဥပဒေဟာ စစ်မှန် မှန်ကန်တဲ့ အစိုးရတရပ်အောက်မှာဆိုရင် ပြဿနာမရှိပေမယ့် ခုလိုအချိန်ကာလမှာဆိုရင် ကလေးတွေ မလိုတဲ့နေရာတွေမှာသုံးမှာကိုကျနော်တို့စိုးရိမ်ပါတယ်။ ဘာမှမသိဘဲနဲ့ ရှေ့တန်းလွှတ်လိုက်တာတို့၊ ရိက္ခာတွေသယ်ခိုင်းတာ၊ မိုင်းကွင်းတွေဖြတ်ခိုင်းတာ၊ ကျနော်တို့ကလေးတွေဟာဘာပဲဖြစ်ဖြစ် ဘာမှကိုမသိသေးတဲ့ အရွယ်လေးတွေ-လို့ ပြောရမှာဖြစ်ပါတယ်။ အဲတော့ကျနော်တို့အများကြီးစိုးရိမ်မှုရှိပါတယ်။”

မချိုချိုဌေးကတော့ ဘွဲ့ရ ကုမ္ပဏီအရောင်းဝန်ထမ်းတဦးဖြစ်ပါတယ်။

"အဲဒါထွက်လာကတည်းက ဘာလုပ်လို့ဘာကိုင်ရမလဲ မသိဘူး။ သူတို့ဆီ စစ်မှုမထမ်းချင်ဘူး။ စစ်ကိုမတိုက်ချင်တာ။ စိတ်ဓါတ်တွေကျတယ်။ နိုင်ငံခြားလည်း မထွက်နိုင်၊ ဘာလုပ်ရမှန်းမသိဘူး။"

ဗမာလူငယ်တဦးဖြစ်တဲ့ကိုမျိုးကလည်း အခုလို ပြောပါတယ်။

“ခုလိုထွက်လာတော့အကုန်လုံးစိုးရိမ်ကြတယ်လေ။ တိုင်းပြည်တပြည်မှာကာကွယ်ရေးအတွက် ပရော်ဖက်ရှင်နယ် ဒီမိုကရေစီနိုင်ငံမှာတော့ ထမ်းနေကြတာပါပဲ။ ဒီဥစ္စာကြီးကို ဒီအချိန်ကာလမှ ဒီလိုမျိုးထုတ်ပြန်တာကျတော့ဘယ်သူမှ တာဝန်- စစ်မှုမထမ်းချင်ကြဘူးလေ။ ဘယ်မိဘမှလက်မခံ၊ ဘယ်သူမှ ထမ်းချင်မှာမဟုတ်ဘူး။ ကျနော့်အမြင်ဆို ကျနော်တို့ဆီမှာဆို ဒီဘက်မှာဆို ကေအန်ယူ တိုင်းရင်းသားလက်နက်ကိုင်ရှိတယ်။ မွန်ပြည်သစ်ရှိတယ်။ ကျနော်က မွန်ပြည်သစ်ပဲ သွားမှာ။ စစ်တပ်မှာတော့ ကျနော်တို့တာဝန်မထမ်းနိုင်ဘူး။ ဒါ ကျနော်တို့ရင်ထဲက စကားပဲ။ ရအောင် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ သွားမယ်။ မရရင် ကေအန်ယူဘက် သွားမယ်။ စစ်မှုထမ်းမယ်ဆို ကျနော်တို့ဒီဘက်မှာပဲ ထမ်းမယ်။”

ရှေ့နေကြီး ဦးကြီးမြင့်ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီအချိန်မှာ လုံးဝမထုတ်သင့်ဘူးပေါ့။ ဘာလို့လဲဆိုတော့ တိုင်းပြည်က အလုပ်လက်မဲ့တွေများပြီး၊ ငတ်ပြီး စားဝတ်နေရေးအတွက် အရမ်းရုန်းကန်နေရတယ်။ ပြီးတော့လူတွေက သေဘေးနဲ့ရင်ဆိုင်နေရတယ်။ ပြည်တွင်းစစ်ဖြစ်ပြီးတော့ အဲအချိန်ကြီးမှာ ဒီလိုထပ်ပြီးတော့ ဝန်ပိစေမယ့် အိမ်ထောင်ဦးစီးကို စစ်ထဲခေါ်ရင် ဘယ်သူလုပ်ကျွေးမလဲ။ ကျန်တဲ့မိသားစုကို။ အဲဒါမျိုးရှိတယ်။ နောက်ပညာသင်ကြားနေတဲ့အရွယ်တွေ၊ ပညာသင်ကြားပြီးတော့ အလုပ်လုပ်မယ်မကြံသေးဘူး။ ကျောင်းကထွက်ရ၊ မင်းကျောင်းပြီးပြီ။ စစ်ထဲဝင်ဆိုရင် တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ ရှေ့တန်းစစ်မျက်နှာပြင်ရောက်ရင် သေမှာလေ။ နောက်တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်လို့ ဒီဥပဒေထုတ်တာမဟုတ်ဘူး။ ပြည်တွင်းစစ်တိုက်ဖို့ကျတော့ ပိုမလုပ်သင့်ဖူးပေါ့။ ခုခံစစ်အတွက် လူသားဒိုင်းအနေနဲ့သုံးဖို့ ထုတ်တာဆိုတော့ ဒီဥပဒေကိုမထုတ်သင့်ဘူးလို့ မြင်ပါတယ်။”

ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ကြေညာချက်အပေါ် ပြည်သူတချို့အမြင်ကို VOA ကနေ ကောက်ယူတင်ပြထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG