သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီအမှု တရားရုံး လုံခြုံရေးအားနည်းလို့ ရုံးပြောင်းဖို့လျှောက်လဲမည်


ဦးကိုနီ အမှုရုံးထုတ် စစ်ဆေးနေတဲ့ တရားရုံးတွင်းက လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၂၄-၂၀၁၇)
ဦးကိုနီ အမှုရုံးထုတ် စစ်ဆေးနေတဲ့ တရားရုံးတွင်းက လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၂၄-၂၀၁၇)

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရသူနဲ့ သံသယရှိသူတွေကို ရုံးတင်စစ်ဆေး နေတဲ့ မြောက်ပိုင်းခရိုင်တရားရုံးရဲ့လုံခြုံရေးပိုင်းမှာ အားနည်းနေတာမို့ တရားရုံးပြောင်းလဲစစ်ဆေးဖို့ စာတင်ဖို့ရှိတယ် လို့ တရားလိုရှေ့နေ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးရောဘတ်စန်းအောင်ကပြောဆိုလိုက်ပါတယ်။ လက်ရှိအမှုမှာ တရား ခံပြေးတဦးလို့ စွပ်စွဲခံထားရသူ ဦးအောင်ဝင်းခိုင်ကို ရှာဖွေနေဆဲဖြစ်လို့ လူသတ်မှုကို စစ်ဆေးလို့မရသေးဘူးလို့လည်း တရားလိုရှေ့နေတွေကပြောပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့သွားမှာပါ။

ဒီကနေ့ သံသယရှိသူတွေကို ၉ကြိမ်မြောက် ရုံးထုတ်စစ်ဆေး တဲ့ မြောက်ပိုင်းခရိုင်ရုံး တရားရုံး ရုံးချိန်းအပြီးမှာ အခုလိုပြောဆိုလိုက်တာပါ။ မြောက်ပိုင်းခရိုင် တရားရုံးရဲ့ လုံခြုံရေးပိုင်းမှာ အားနည်းနေတာနဲ့ပတ်သတ်လို့ ဦးကိုနီလုပ်ကြံမှုမှာ လုပ်ကြံသတ် ဖြတ်သူအဖြစ်စွပ်စွဲခံရတဲ့ ဦးကြည်လင်းကို ဖမ်းဆီးပေးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဦးနေဝင်းရဲ့ ရှေ့နေအကျိုးဆောင်တဦး ဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က အခုလိုပြောဆိုလိုက်ပါတယ်။

" တရားရုံး ဝင်းကြီးတခုလုံးကို လေ့လာသုံးသပ်တဲ့နေရာမှာ လုံခြုံရေးအရ အားနည်းတယ်ဗျ။ လုံခြုံရေး အားနည်းတော့ ကျနော်တို့က ဒါကို အနောက်ပိုင်းခရိုင် သို့မဟုတ် အရှေ့ပိုင်းခရိုင် တရားရုံးကို ရုံးပြောင်းစစ်ဆေးဖို့ တင်ဖို့ရှိတယ် တရားရုံးကို။ ဒါပေမဲ့ ခရိုင်ဥပဒေအရာရှိနဲ့ မဆွေးနွေးရသေးတဲ့အတွက် ဒီနေ့တော့ ကျနော်တို့ မပြောခဲ့ပါဘူး။ နောက်တပတ် ကျရင်တော့ ကျနော်တို့က ဒါကို ဥပဒေအရာရှိကနေတဆင့် ကျနော်တို့က တင်မှာပါ ဒီဝင်းကြီးတခုလုံးကို ကြိုက်သလို ဝင်ထွက်သွားလာလို့ရနေတယ်။ ထွက်ပေါက်လမ်းတွေလည်း များနေတယ်။ နောက် ဒီဥစ္စာကလည်း အင်မတန် အရေးကြီးတဲ့အမှုဖြစ်နေတယ်။ ပြောင်းရွှေ့စစ်ဆေးရေးကို ကျနော်တို့ ကြိုးစားဆောင်ရွက်ကြည့်မယ်။"

လက်ရှိအမှုမှာ တရားခံပြေးတဦးလို့ စွပ်စွဲခံထားရသူ ဦးအောင်ဝင်းခိုင်ကို ရှာဖွေနေဆဲဖြစ်လို့ လူသတ်မှုကို စစ်ဆေးလို့မရသေးပါဘူး။ လက်ရှိအမှုအခြေအနေ အသေးစိတ်ကို ဦးကိုနီ အမှုမှာ တရားလိုဘက်က အကျိုးဆောင်ပေးမယ့် ရှေ့နေ ဦးနေလက ခုလိုပြောပြတာပါ။

"ဥပဒေအရာရှိကနေ တရားရုံးကို လာရောက်ပြီးတော့ သူတို့ကို အချိန်ပေးပါ အချိန် နောက်ထပ် တပတ်တောင်းတယ်။ အဲ့ဒီ့တပတ်မှာဆိုရင် သူတို့ပြည့်စုံစွာ တင်ပြပြီးတော့ လာရောက်ပြီးတော့ ထွက်ဆိုချက်ပေးပါ့မယ်လို့ ယနေ့ လာရောက်ပြောကြားတဲ့ အတွက်ကြောင့်မို့လို့ တရားရုံးကနေပြီး လာမယ့်ကိုးရက်နေ့ ကိုးရက်နေ့ကို တစ်ပတ်ပေါ့ ခါတိုင်းချိန်းနေကျ အတိုင်းပဲ တစ်ပတ် ရုံးချိန်းပြောင်းပေးလိုက်တယ်။

နောက်တခါ အန်ကယ်တို့ ကြားသိတဲ့အခြေအနေတခုအရ ပြောမယ်ဆိုရင် အခုမှ စီအိုင်ဒီလား သာမာန်ရဲတပ်ဖွဲ့ကလားမသိဘူး။ နေပြည်တော် ပရဆေးဥယျာဉ်ကို စတင်ရှာဖွေတဲ့အဆင့်ကို စတင်လုပ်ဆောင်တဲ့ဟာကိုတော့ တွေ့ရတယ်။ တရားခံပြေးအမှု ပီပြင်မှသာလျှင် ဒီတရားခံကို ဖမ်းဆီးရမိခြင်းမရှိတော့ဘူးလို့ တရားရုံးက ကြေညာတဲ့အမိန့် ချမှတ်မှသာလျှင် လူသတ်မှုကို ဆက်လက်စစ်ဆေးရမှာဖြစ်တယ်။ ဒါပေမဲ့ အခုတရားခံပြေး အမှုမှာ ရှာဖွေဖမ်းဆီးလို့မရတော့ဘူးဆိုတဲ့အမိန့်ကို တရားရုံးက ပယ်ဖျက်လိုက်တဲ့ အတွက်ကြောင့်မို့လို့ လူသတ်မှုဟာ စစ်ဆေးဖို့ အခြေအနေကို မပေါ်သေးဘူး။ မူလစစ်ဆေးချက်တွေ အားလုံးကိုလည်း ပယ်ဖျက်ရမှာဖြစ်တယ်။"

လက်ရှိမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက ဦးအောင်ဝင်းခိုင်နောက်ဆုံးပျောက်သွားခဲ့တဲ့ နေပြည်တော် ပရဆေးဥယျာဉ်ကို ခုရက်ပိုင်းအတွင်းရှာဖွေနေတာရှိပါတယ်။

အချိန် ၃လကျော်ကြာနေပြီဖြစ်တဲ့အမှုရဲ့ အရေးကြီးဆုံး သံသယရှိသူနောက်ဆုံးပျောက် သွားတဲ့နေရာကို အခုမှ ရှာဖွေမှုလုပ်တဲ့အပေါ် နဲ့ သံသယရှိသူကို ရှာဖွေတွေ့နိုင်ပါ့မလား ဆိုတာနဲ့ပတ်သတ်လို့ ရှေ့နေ ဦးနေလက အခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

" အခုမှ ရှာဖွေတဲ့ကိစ္စကတော့ ဒီအချိန်မှာ ရှာဖွေတယ်ဆိုလို့ရှိရင် အားလုံးက သတင်းတွေ ပေါက်ထားပြီးသားပဲ။ ဒီမှာ ရှာဖွေမယ်ဆိုရင် ယေဘူယျအားဖြင့် တွေ့နိုင်မယ်လို့ မမျော်လင့်ဘူး။ တခြားနေရာတွေ အားလုံးကိုလည်း ဖမ်းဆီးရမိရေးကို တရားရုံးရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင် အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးဟာ မျှော်လင့်ချက်ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။"

ဒီကနေ့တရားရုံးရုံးချိန်းအပြီးမှာ တရားခံလို့စွပ်စွဲခံရသူတွေကို အကျိုးဆောင်ပေးသူုတွေကို လိုက်လံပြီးအမှုအခြေအနေ နဲ့ပတ်သတ်လို့မေးမြန်းတာမှာဖြေကြားဖို့မရှိတာမို့ မဖြေကြားလိုဘူးလို့ ငြင်းဆန်ကြပါတယ်။

လက်ရှိစွပ်စွဲခံထားရသူတွေကို ဖမ်းဆီးရရှိမှု၊ ဦးကိုနီ ကိုသတ်ရတဲ့အကြောင်းကို ထုတ်ပြန်မှုတွေမှာ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အခုအခါမှာလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက ဦးအောင်ဝင်း ခိုင် နောက်ဆုံးပျောက် သွားခဲ့တဲ့ နေပြည်တော်ပရဆေးဥယျာဉ်ကို အခင်းဖြစ်စဉ်က ချက်ချင်းမရှာဘဲ ခုရက်ပိုင်းအတွင်းမှာမှ ရှာဖွေနေတဲ့အပေါ် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေကို ဝေဖန်မှုတွေ လူမှုကွန်ယက်ပေါ်မှာ တဖန်ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီကနေ့ရုံးထုတ်မှာ တရားခံပြေးလို့စွပ်စွဲခံထားရသူ ဦးအောင်ဝင်းခိုင်ကို ရှာဖွေမှုနဲ့ ပတ်သတ်ပြီး တရားရုံးကို တင်ပြရမှာဖြစ်ပေမယ့်လည်း အင်းစိန် CIDက ဦးအောင်ဝင်းခိုင်ကို ရှာဖွေမှု မပြီးပြတ်သေးသလို ရှာဖွေမှုအဆင့်ဆင့် ကိုတရား ရုံးကို တင်ပြဖို့လည်း အချိန်ယူဖို့လိုသေးတာကြောင့် အချိန်တပတ်ထပ်ပေးဖို့လာတင်ပြခဲ့ပါတယ်။ ဒါကြောင့် အမှုကို လာ မယ့်ဇွန် ၉ ရက်နေ့မှ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG