သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ဝန်ကြီး(၂)ဦး ဆွေးနွေးပွဲ သဘောတူညီမှုတချို့ရရှိ


အမေရိကန်နဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီးတို့ Beijing မှာတွေ့ဆုံ၊ ဇွန် ၁၈၊ ၂၀၂၃
အမေရိကန်နဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီးတို့ Beijing မှာတွေ့ဆုံ၊ ဇွန် ၁၈၊ ၂၀၂၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မနေ့တနင်္ဂနွေနေ့တုန်းက ဘေကျင်းမြို့ မှာ ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောပါတယ်။ နှစ်နိုင်ငံကြား တင်းမားမှုပိုများလာတာကြောင့် မစ္စတာ အန်တိုနီ ဘလင်ကန် နဲ့ မစ္စတာ ချင်ဂန်းတို့ ဟာ ဆက်ဆံရေး တည်ငြိမ်ဖို့ နည်းလမ်းရှာဖွေနေကြတာပါ။

၇ နာရီခွဲကြာ ဒြာအိုယုထိုင်း နိုင်ငံတော်ဧည့်ဂေဟာမှာ ဆွေးနွေးပွဲအတွင်းတရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက အမေရိကန် ကို လာရောက်ဖို့ ဖိတ်ကြားချက် ကို လက်ခံလိုက်ပါတယ်။ နှစ်နိုင်ငံကြား လေကြောင်းခရီးတွေ တိုးမြှင့်ဖို့လည်း သဘောတူညီလိုက်ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဟာ နှစ်ယောက်ချင်းတွေ့ဆုံအပြီး အဲဒီဧည့်ဂေဟာမှာပဲ အတူတကွညစာစားသုံးခဲ့ကြပါတယ်။ နှစ်ဘက်စလုံး က ကိစ္စတော်တော်များများနဲ့ ပတ်သက်ပြီး လုပ်ငန်းအဆင့်မှာအလုပ်အတူလုပ်ကြမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဆိုပါတယ်။

လွတ်လပ်ပွင့်လင်းပြီး နိုင်ငံတကာတရားဥပဒေစိုးမိုးရေး အခြေခံတဲ့တည်ငြိမ်ရေးဆိုတဲ့ ကမ္ဘာ့အမြင် ကို မြှင့်တင်ဖို့ အမေရိကန်ပြည်သူတွေရဲ့တန်ဖိုးထားမှုတွေနဲ့ အကျိုးစီးပွါးအတွက် အမေရိကန်နိုင်ငံက ရပ်တည်ပြီး မဟာမိတ်၊ မိတ်ဘက်တွေနဲ့ အလုပ်အတူလုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ပြည်သူအချင်းချင်းဆက်ဆံရေး ဘယ်လို ဖော်ဆောင်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဆိုရင် ဘလင်ကန်ဟာ တရုတ်ပြည် ကို သွားတဲ့ ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီးပါ။ မူလ က ဖေဖော်ဝါရီ လမှာဒီခရီးကိုစီစဥ်ခဲ့ပေမဲ့ တရုတ်ရဲ့ ထောက်လှမ်းရေး ပူဖောင်းကြီးတွေ အမေရိကန် ဝေဟင် မှာ လွှင့်လာခဲ့တဲ့အတွက် ခရီးစဥ် ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG