သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်းတွေ အဓိကကျတဲ့ ပြည်နယ်တွေမှာ စည်းရုံးရေးအရှိန်မြှင့်


၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အရွေးခံမယ့် ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အရွေးခံမယ့် ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၅ ရက်သာ လိုတော့တာနဲ့အတူ အနိုင်ရဖို့ အရေးကြီးတဲ့ အနောက်ပိုင်းပြည်နယ် ၂ ခုကို သမ္မတလောင်းတွေ ဒီနေ့ သွားရောက်မဲဆွယ်ကြမှာဖြစ်ပါတယ်။ မက်ဆီကိုနိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာသူတွေကို တားဆီးနိုင်ရေးဖြစ်တဲ့ နယ်စပ်လုံခြုံရေးဟာ အဲဒီဘက်က မဲဆန္ဒရှင်တွေအတွက် အဓိက ဦးစားပေးဖြစ်နေတာကြောင့် ဒီမိုကရက်သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump တို့ဟာ အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်တွေကို သွားရောက်ပြီး စည်းရုံး မဲဆွယ်ကြမှာဖြစ်ပါတယ်။

Trump ကိုထောက်ခံသူတွေဟာ အမှိုက်တွေဖြစ်တယ်လို့ သမ္မတ Joe Biden မေးမြန်းခန်းတခုမှာ ပြောခဲ့တာနဲ့ ပတ်သက်လို့ ဘယ်သူကို မဲထည့်သလဲဆိုတာပေါ်မူတည်ပြီး ဝေဖန်မှု မှန်သမျှ သူ့အနေနဲ့ လက်မခံဘူးလို့ ဒုသမ္မတ Harris က ဗုဒ္ဒ္ဓဟူးနေ့က တုံ့ပြန်ခဲ့ပါတယ်။ သမ္မတလောင်း Trump ကတော့ အမေရိကန်မှာ အမှိုက်ကားမောင်းသူတွေ ဝတ်တဲ့ အလင်းပြန်ဝတ်စကုတ်ကိုဝတ်၊ အမှိုက်ကားပေါ် တက်ကာ သူ့အပေါ်ထောက်ခံသူတွေဟာ အမှိုက်တွေ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက New York မြို့မှာလုပ်ခဲ့တဲ့ သမ္မတလောင်း Trump မဲဆွယ်ပွဲမှာ လူရွှင်တော်တယောက် အမေရိကန်ပိုင် Puerto Rico ကို ရေပေါ်အမှိုက်ပုံကြီးလို့ ပြောကြားခဲ့တာကို သမ္မတ Biden က အင်္ဂါနေ့က တုံ့ပြန်ပြောခဲ့တာပါ။ Puerto Rico က စပိန်ဘာသာစကားပြောသူတွေအပေါ် နှိမ်နှိမ်ချိုးချိုး ပြောတာဟာ သိပ်လွန်လွန်းတယ်လို့ သူ့အနေနဲ့ ဆိုလိုတာဖြစ်တယ်လို့ သမ္မတက ပြန်ဖြေရှင်းခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ သီးခြားသတင်းတခုကတော့ သမ္မတလောင်း Trump ကိုထောက်ခံသူ ဘီလျံနာသူဋ္ဌေး Elon Musk ကို ရွေးကောက်ပွဲ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက် မရောက် Philadelphia မြို့က တရားရုံးတခုမှာ ဒီနေ့လုပ်တဲ့ ကြားနာပွဲလာဖို့ ဆင့်ခေါ်ထားပေမဲ့ သူရောက်မလာခဲ့ပါဘူး။ သူဖွဲ့ထားတဲ့ America Pac အဖွဲ့က Pennsylvania ပြည်နယ်ဒေသခံတွေကို ရွေးကောက်ပွဲမှာ မဲပေးဖို့ မှတ်ပုံတင်ရင် ဒေါ်လာ ၁ သန်းဆုချတဲ့ အစီအစဉ်ဟာ ရွေးကောက်ပွဲ စည်းကမ်းချိုးဖောက်ရာ ရောက်နိုင်တယ်လို့ တရားရေးတာဝန်ရှိသူတွေက သတိပေးထားပေမဲ့ ဆက်ပြီး ဆုချတဲ့အစီအစဉ်ကို လုပ်နေတာကြောင့် ဖြစ်ပါတယ်။

Forum

XS
SM
MD
LG