သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်-ဒုချီးရားတန်း အရေး သတင်း ထုတ်ပြန်မှုနောက်ကျ


မောင်တောမြို့နယ်၊ ဒုချီးယားတန်းရွာအရေး စုံစမ်းစစ်ဆေးနေစဉ်။
မောင်တောမြို့နယ်၊ ဒုချီးယားတန်းရွာအရေး စုံစမ်းစစ်ဆေးနေစဉ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာက အဖြစ်အပျက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက် နောက်ကျခဲ့လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီး အခြေအမြစ်မရှိတဲ့သတင်းတွေ ဖြစ်စေခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောဆိုလိုက်ပါတယ်။ နောက် ဒေသခံတွေကြား တင်းမာမှုတွေနဲ့ စိုးရိမ်မှုတွေ ဆက်ရှိနေသေးတာမို့ အထူးလုံခြုံရေး အစီအမံတွေ ဦးစားပေးဆောင်ရွက်ပေးဖို့ကိုလည်း ကော်မရှင်က သတိပေးအကြံပြုပါတယ်။ ဒုချီးရားတန်းအရေး ရခိုင်ဒေသကို သွားရောက် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မဆုမွန်က ဆက်သွယ်စုံစမ်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကိုမြင့်တက်စေခဲ့တဲ့ ဒုချီးရားတန်းကျေးရွာတွင်းက အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဖြစ်စဉ်မှန်ကို စုံစမ်းသိရှိနိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် (၄) ဦးပါ ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့၊ ဒုချီးရားတန်း ကျေးရွာအုပ်စုကို ကိုယ်တိုင်သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့တယ်လို့ ကော်မရှင်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ကော်မရှင်အတွင်းရေးမှူးဦးစစ်မြိုင်က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။

“အဲဒီ ပဋိပက္ခဖြစ်စဉ်မှာ ဘင်္ဂါလီ ၄၀ အသတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူ ၂၂ ဦးကို MSF က၊ ဟော်လန်အခြေစိုက်အဖွဲ့က ဆေးကုသပေးရတယ်ဆိုတဲ့သတင်း၊ အဲဒီသတင်းတွေကို အတည်ပြုဖို့အတွက် ကျနော်တို့ အဓိကသွားရောက်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။”

ဒုချီးရားတန်းကျေးရွာဖြစ်စဉ်အတွင်း ဒေသခံမူဆလင်ကျေးရွာသားတွေ အများအပြား အသတ်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ဒေသခံပြည်သူတွေအပါအဝင် အထိန်းသိမ်းခံရဆဲသူတွေနဲ့ တိုက်ရိုက် မေးမြန်းဖြစ်ခဲ့ပုံကိုလည်း အခုလိုရှင်းပြပါတယ်။

“အဲဒီမှာ ဘင်္ဂါလီအမျိုးသမီး ၂၀၀ ခန့်နဲ့လည်း ကျနော်တို့ လွတ်လပ်စွာ၊ မူလတန်းကျောင်းမှာ တွေ့ဆုံပြီးတော့ သူတို့ရဲ့တင်ပြချက်တွေ ကျနော်တို့ နားထောင်ခဲ့ပါတယ်။ ဘင်္ဂါလီကျေးရွာမှာ ရွာလူကြီးနဲ့ ဘာသာရေးခေါင်းဆောင် ၂၀ ခန့်နဲ့လည်း သီးခြား ကျနော်တို့ တွေ့ဆုံပြီးတော့ရင် ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့၊ နောက်ပြီးတော့ ဒီသတင်းတွေနဲ့ပတ်သက်လို့ သူတို့ဆီက တင်ပြချက်တွေ၊ အချက်အလက်တွေ၊ အထောက်အထားတွေ ရယူပါတယ်။ သူတို့နဲ့ ဆွေးနွေးမေးမြန်းပါတယ်။”

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဒေသအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ နောက် နှစ်ဖက်အသိုင်းအဝိုင်းက ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊ ဒေသခံပြည်သူတွေ နောက် ဖြစ်စဉ်မှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာတာဝန်ခံတွေကိုပါ တွေ့ဆုံမေးမြန်းခဲ့တယ်လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေရဲ့သတင်းထုတ်ပြန်ချက် နောက်ကျခဲ့တဲ့အတွက် အခုလို ကောလာဟလတွေနဲ့ အခြေအမြစ်မရှိတဲ့သတင်းထွက်ပေါ်ခဲ့ရတာလို့ ဦးစစ်မြိုင်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဒီသတင်းတွေနဲ့ ပတ်သက်လို့ ဖြစ်စဉ်ပေါ့လေ။ ကောလာဟလသတင်းတွေ ထုတ်လုပ်ပီးတော့ရင် ရှုပ်ထွေးတဲ့အခြေအနေဖြစ်သွားအောင် Media Campagin လုပ်သွားတဲ့သဘောဖြစ်ပါတယ်။ ဒီသတင်းတွေကစပြီးတော့ ထွက်ရှိပြီးတဲ့နောက် ၂ ပတ်ခန့်ကြာမှ ကျနော်တို့ဘက်က သတင်းထုတ်ပြန်တယ်၊ သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတဲ့အခါမှာ ဒါလေးက တော်တော် နောက်ကျသွားတယ်။ နောက်ကျသွားတဲ့အတွက် ဒီသတင်းအပေါ်မှာ ပြည်တွင်းနဲ့ပြည်ပ အဖွဲ့အစည်းတွေကနေပြီးတော့ရင် ဒီအပေါ်မှာ တော်တော်လေး အာရုံစိုက်ပြီးတော့ ထောက်ပြလာတာတွေ၊ ဖိအားပေးလာတာတွေရှိပါတယ်ခင်ဗျ။ ဒါ့ကြောင့် သတင်းထုတ်ပြန်မှု နောက်ကျတဲ့အတွက် အခြေအနေတွေက ပိုမိုရှုပ်ထွေးပြီးတော့ သံသယတွေက ပိုပြီးကြီးထွားစေတယ်။ ဒါ့ကြောင့် သတင်းထုတ်ပြန်မှုကို နောက်မှာ အစိုးရဘက်က တာဝန်ရှိတဲ့သူတွေအနေနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ အကြံပြုတာဖြစ်ပါတယ်။

ထပ်မဖြစ်ဖို့ ဆိုတော့ရင် လုံခြုံရေးကို အခုလက်ရှိထက်ပိုပြီးတော့ စနစ်တကျ ဆောင်ရွက်သင့်တယ်လို့- ကျနော်တို့က ထပ်ဖြစ်မှာစိုးလို့ အကြံပြုတင်ပြခဲ့တာပါ။ ကျနော်တို့ရဲ့ အကြံပြုချက်ကတော့ ဒုချီးရားတန်းကိုချည့်ပဲ ရည်ညွှန်းတာမဟုတ်ပါဘူးခင်ဗျ။ တခြားနယ်မြေတွေမှာလည်း ထပ်မံဖြစ်ပွားမယ်ဆိုရင် ဒီအုပ်စုနှစ်ခုကြားမှာ သံသယတွေက ပိုပြီးတော့ကြီးထွားလာနိုင်တယ်။ လက်ရှိမှာ နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်မှုကို တော်တော်လေးထိခိုက်တာဖြစ်တဲ့အတွက် ဒါလေးကို ကျနော်တို့က စိုးရိမ်တကြီး အကြံပြု တင်ပြခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။”

အခုလို လူ့အခွင့်အရေးကော်မရှင်ရဲ့ ထောက်ပြပြောဆိုမှုကို ကြိုဆိုပြီး လူ့အခွင့်အရေးကော်မရှင်က တင်ပြလာတဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်အရေး အလေးအနက်ထားဆောင်ရွက်ဖို့ အစီအစဉ်တွေကိုလည်း စနစ်တကျဆောင်ရွက်သွားဖို့ရှိပါတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒုတိယပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သတင်းထုတ်ပြန်မယ်ဆို ကျနော်တို့က ရာခိုင်နှုန်းပြည့် ပြန်ပြီး confirm လုပ်နိုင်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကျနော်တို့ကို ပေးတာကိုး။ ဒုချီးရားတန်းဖြစ်စဉ်မှာတော့ ရဲတပ်ကြပ်ကြီးသေဆုံးတဲ့ဟာကို ဘာ့ကြောင့် ချက်ခြင်း မထုတ်ပြန်ဘဲနဲ့ ထားလဲဆိုတော့ ရဲတပ်ကြပ်ကြီးက ရခိုင်အမျိုးသားဖြစ်နေတယ်။ သူ့မှာက ကိုယ်ဝန်အရင့်အမာနဲ့ဇနီးလည်း ကျန်နေခဲ့တယ်။ အဲဒါတွေကြောင့် တခြားဒေသတွေမှာပါ ထပ်ပြီးတော့ ပြဿနာဖြစ်မှာစိုးလို့ နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လိုက်တဲ့သဘော ရှိပါတယ်။”

စိုးရိမ်မှုတွေရှိနေဆဲ ဒေသတွင်းက ပြည်သူတွေအတွက် လုံခြုံရေးအစီအစဉ်တွေကို စနစ်တကျဆောင်ရွက်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေကို လုပ်ဆောင်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းလုပ်ဆောင်ကြဖို့ရှိတယ်လို့လည်း ဦးရဲထွဋ်ကဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုချီးရားကျေးရွာအဖြစ်အပျက်နဲ့ပတ်သက်ပြီး ၂၀၁၄ခုနှစ်ဖေဖော်ဝါရီလ ၁၄ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သတင်းထုတ်ပြန်ချက်ပါ စုံစမ်းစစ်ဆေးချက်လေ့လာတွေ့ရှိချက်တွေ၊ သုံးသပ်ချက်၊ အကြံပြုချက်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရကို တင်ပြသွားမှာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
XS
SM
MD
LG