သုံးရလွယ်ကူစေသည့် Link များ

NLD အစိုးရသစ်လက်ထက် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ် ဦးဆောင်ကျင်းပမယ့် ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ရာနှုန်းပြည့်နီးပါး လွတ်လပ်ပြီး တရားမျှ တမှုမယ်လို့ ယုံကြည်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တဦးက ကြားဖြတ် ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်ပဲလိုတော့တဲ့အချိန်မှာ ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလထက် မဲစာရင်းတွေ ပိုပြီး မှန်ကန်အောင် လုပ်ထားသလို ၂၀၂၀ မတိုင်ခင် ကြားဖြတ် ရွေးကောက်ပွဲတွေ ထပ်ပြီး ကျင်းပဖို့ရှိတယ်လို့လဲ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာ ပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

တနိုင်ငံလုံးက လွတ်တော်ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၆ ဧပြီ ၁ ရက်နေ့ကစတင်တဲ့ အစိုးရသစ်လက်ထက် ဖွဲ့စည်းထားတဲ့ ဦးလှသိန်းဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ် က ဦးစီးကျင်းပတော့မှာပါ။ ဒီရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ရာနှုန်းပြည့်မဟုတ်တောင်မှ ရာနှုန်းပြည့်နီးပါး လွတ်လပ်လိမ့်မယ်၊ တရားမျှတလိမ့်မယ်လို့ အဲလိုပဲ ကျနော်ယူဆတယ်။ အခုလက်ရှိ လုပ်ဆောင်နေတဲ့အခြေအနေအရ လက်ရှိဒီနေ့ အဖွဲ့ခွဲတွေရဲ့ ဆက်သွယ်လာတဲ့ အခြေအနေအရဆိုရင် သူတို့အကုန်လုံး တအိမ်တက်ဆင်းလောက်တောင်မှ အကုန်လုံးလုပ်နေကြတယ်။ ဥပမာ- မဲသက်သေခံလက်မှတ်တွေဆိုရင် သက်ဆိုင်ရာ ရပ်ကွက်မှူးတွေနဲ့ အကုန်လုံး တာဝန်ရှိဝန်ထမ်းတွေနဲ့ တအိမ်တက်ဆင်း အဲလိုကို လုပ်နေကြတဲ့ အခြေအနေတွေပါ။ နောက်မဲရုံတွေကိုလည်း အသေးစိတ်အကုန်လုံးလှည့်ကြည့်တယ်။ အားလုံး ကျနော်တို့က အဆင်သင့်ဖြစ်နေပါပြီ။”

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဝေးလံခေါင်ဖျားတဲ့ မဲဆန္ဒနယ်တွေကလွဲလို့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ဧပြီ ၁ ရက် နေ့မှာပဲ ချက်ချင်းကြေညာပေးမှာဖြစ်ပြီး မဲစာရင်းတွေကိုလဲ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက်စာရင် ပိုပြီး မှန်ကန်အောင် ကြိုးစားထားတယ်လို့ ဦးလှတင့်က ဆိုပါတယ်။

“မဲစာရင်းပြုစုတဲ့နေရာမှာ မူလရှိပြီးသား ၂၀၁၅ မဲစာရင်းကို အခြေခံတယ်။ အခြေခံပြီးတော့ ကျနော်တို့က တအိမ်တက်ဆင်း Door to door လုပ်တယ်။ လုပ်တဲ့နေရာမှာ ကျနော်တို့က အဲဒီမှာ မရှိဘူးဆိုရင် မရှိတဲ့အတိုင်းပေါ့ မြေပြင်အနေအထား ၊ လက်ရှိအနေအထားပေါ်မူတည်ပြီးမှ ဖြတ်သင့်တာဖြတ်တယ်၊ တိုးသင့်တာကို တိုးတယ်။ ကျနော်တို့ကတော့ ၂၀၁၅ထက်စာရင် အခုအနေအထိက မဲစာရင်းက မှန်တယ်လို့ အနီးစပ်ဆုံး မှန်ကန်မူရှိတယ်လို့ လုံးဝမှန်တယ်လို့တော့ မပြောဘူးနော် ၊ မဲစာရင်းက ဘယ်တော့မှ မမှန်နိုင်ဘူး အတိအကျမဖြစ်နိုင်ဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း ၅ နှစ် မကုန်ဆုံးခင် ၂၀၂၀ ခုနှစ် မတိုင်ခင်ကာလမှာ ကြားဖြတ် ရွေးကောက်ပွဲတွေ ထပ်ပြီး ကျင်းပဖို့ရှိတယ်လဲ သူကပြောပါတယ်။

လက်ရှိအာဏာရ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ အရပ်သားတွေဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဦးစီးကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။

“တရားမျှတမူရှိလိမ့်မယ်လို့ ကျနော်ယုံကြည်တယ် အဲဒီတော့ ဘယ်အပေါ်မှာ မူတည်သလဲဆိုတော့ ကျနော်တို့ ပထမ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ ဒီကောက်မရှင်က လုပ်တယ်၊ အဲဒီရွေးကောက်ပွဲမှာလည်း ကျနော်တို့ စည်းမျဉ်း၊ စည်းကမ်းတွေ အတော့ကို ကြိုးစားပမ်းစားနဲ့ ကောင်းအောင်လုပ်ခဲ့တယ်။ အားလုံးကောင်းတယ်လို့ကျနော်တို့မပြောဘူး ဒါပေမယ့် အဲဒီလိုလုပ်ခဲ့တယ်။ အခု UEC လက်ထက်မှာ ကျတော့ ဟိုတုန်းကတော့ စစ်သား၊ စစ်ဗိုလ် UEC ပဲ ၊ အခုတော့ အရပ်သားကြီးပဲ ဒါမတူဘူး။”

အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲဟာ ကော်မရှင်အသစ်အတွက် စမ်းသပ်ပွဲဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲဟာ ကော်မရှင်အသစ်အတွက် ပထမဆုံးအကြိမ်ပွဲဖြစ်ပါတယ်။ ဒါသူတို့ရဲ့ စမ်းသပ်ကာလလည်း ပြောလို့ရပါတယ်။ ဆိုတော့ သူတို့လည်းပဲ တရားမျှမျှတတဖြစ်အောင်လို့ သူတို့လုပ်မှာပါ။”

မကြာသေးခင်က လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က ကျေးရွာကြီး ၃ခုမှာ ရွေးကောက်ပွဲမကျင်းပဖို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ကန့်ကွက်ခဲ့တဲ့အပေါ် ရွေးကောက်ပွဲ ကော်မရှင်ဘက်က မဲရုံတွေ ပြောင်းရွေ့ဖို့ ဆုံးဖြတ်ပေးထားပါတယ်။ ပြောင်းရွေ့လိုက်တဲ့ မဲရုံတွေဟာ မဲဆန္ဒရှင်တွေ နေထိုင်တဲ့ နေရာနဲ့ ဝေးလံလွန်းတာဟာ မဲပေးခွင့်ကို သွယ်ဝိုက်ကန့်သတ်သလို ဖြစ်တာကြောင့် ကော်မရှင်အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရအုံးမယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

“အမှန်ကတော့ ဒီမဲဆန္ဒရှင်ဆိုတာ သူ့ဘာသူ ရွေးချယ်ခွင့်ရှိတယ်လေ။ ကိုယ်လက်ခံချင်တဲ့လူကို လက်ခံမယ်၊ လက်မခံချင်တဲ့သူကို လက်မခံဘူး။ ဆိုတော့ သူတို့က လက်မခံ ငြင်းပယ်ခြင်းခံရတော့ သူတို့ မဲဆန္ဒရှင် မဟုတ်တာသိတဲ့အခါကျတော့ ဒါကိုတော့ ပိတ်ပင်ဖို့ လုပ်တာပေါ့နော် ။ ဆိုတော့ ဒီကျေးရွာကြီး အုပ်စု ၃ ခုက မိုင်းရှူးမြို့နယ်တခုလုံးရဲ့ ၄ ပုံ ၁ ပုံ ဖြစ်ပါတယ် ၂၅ ရာခိုင်နှုန်း ဒါကို ကော်မရှင်အနေနဲ့လည်း ဂရုစိုက်ဖို့ ကျနော်တို့ပြောထားပါတယ်။ ဒါပေမယ့် ကော်မရှင်ကတော့ ဒီရက်ပိုင်း ဘာလုပ်မလဲဆိုတာကတော့ မသိပါဘူး။”

ကျင်းပဖို့ ၁ ရက်သာလိုတော့တဲ့ ကြားဖြတ် ရွေးကောက်ပွဲအပေါ် လူစိတ်ဝင်စားမှု နည်းတယ်ဆိုတဲ့ သုံးသပ်မှုတွေရှိပေမယ့်လဲ ရခိုင်ပြည်နယ်က အမ်းမဲဆန္ဒနယ်၊ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေမှာတော့ အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေ ပါတယ်။

ပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လက်ရှိမှာ နိုင်ငံရေးပါတီအသီးသီးက အင်တိုက်အားတိုက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင် နေပြီး မတ်လ ၃၁ ရက်နေ့ သောကြာနေ့မှာ မဲဆွယ်စည်းရုံးမှုတွေကို အဆုံးသတ်ရမှာလဲ ဖြစ်ပါတယ်။

XS
SM
MD
LG