သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းရှုးဒေသ ရွေးကောက်ပွဲ ဖ ျက်သိမ်းဖို့မရှိ


ယခင်ရွေးကောက်ပွဲမှာ မဲရုံအတွင်း မဲပေးနေသူများ
ယခင်ရွေးကောက်ပွဲမှာ မဲရုံအတွင်း မဲပေးနေသူများ

ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ်က ကျေးရွာကြီး ၃ခုကို လုံခြုံရေးအရ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖို့ လက်ရှိအာဏာရပါတီ NLD ရဲ့ ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးက စာတင်ထားတာကို ရွေးကောက်ပွဲကော်မရှင်ဘက်က ပယ်ချလိုက်ပါတယ်။ ကျေးရွာကြီး ၃ခုမှာရှိနေတဲ့ မဲရုံနေရာတွေကို လုံခြုံရေးပိုင်း ပိုစိတ်ချရမယ့် နေရာတွေကိုရွှေ့ပြောင်းပြီး အဆင်ပြေအောင် လုပ်ပေးတယ်လို့ ကော်မရှင် က ပြောပေမယ့် အဲဒီဒေသတွေမှာ စည်းရုံးရေးဆင်းခွင့်မရတဲ့ အတွက် အဆင်မပြေနိုင် ဘူးလို့ NLDဘက်က တုန့်ပြန်ပါတယ်။ VOA သတင်းထောက် မေခ သတင်းပေးပို့ ထားတာကို ဦးစံမိုးဝေက တင်ပြပါမယ်။

လုံခြုံရေးလိုအပ်ချက်ရှိနေတာမို့ မိုင်းရှုးမြို့နယ်ရဲ့ကျေးရွာကြီး ၃ခုကို ရွေးကောက်ပွဲ မကျင်းပဖို့ NLD လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဘက်က ကန့်ကွက်လွှာ တင်ခဲ့ တာမှာ ကော်မရှင်ဘက်က ပယ်ချလိုက်တာပါ။ ပယ်ချလိုက်တာနဲ့ပတ်သတ်လို့ ရှမ်းပြည် နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စိုင်းထွန်းမြက ပြောပါတယ်။

“ပါဝင်ယှဉ်ပြိုင်မယ့် အဓိကပါတီ ၄ ခုရှိပါတယ်။ NLD ရယ်၊ SNLD ကျားခေါင်းပါတီ ရယ် နောက်ကျားဖြူပါတီရယ်၊ နောက် USDP ရယ်ပေါ့။ ပါတီတွေ အားလုံးရဲ့ မှတ်ချက်ကို ယူလိုက်တယ်။ လုပ်သင့်လား မလုပ်သင့်ဘူးလား ဆိုပြီးတော့၊ နောက် အဲဒီကျေးရွာ အုပ်စုတွေရဲ့ ရပ်ကျေးကော်မရှင်ရယ်၊ နောက် မိုင်းရှုးမြို့နယ် ကော်မရှင်အဖွဲ့ခွဲပေါ့။ လုပ်သင့်တယ် ဆိုပြီးတော့မှ ကျနော်တို့ကို တင်ပြလာတဲ့အတွက် UEC ရွေးကောက် ပွဲ ကော်မရှင်ကလည်း အောက်က သဘောထားအတိုင်းပဲ ဆိုပြီးတော့ အကြောင်းပြန် လိုက်တယ်။”

ကျေးရွာကြီး ၃ခုမှာရှိနေတဲ့ မဲရုံနေရာတွေကို လုံခြုံရေးပိုင်းပိုစိတ်ချရမယ့် နေရာတွေကိုေ ရွှ့ပြောင်းလိုက်တယ်လို့လည်း စိုင်းထွန်းမြ ကပြောပြပါတယ်။ ပြောင်းလိုက်တဲ့ နေရာတွေ ကိုလည်း သူက ပြောပါတယ်။

“ ကျနော်တို့ မဲရုံနေရာလေးတွေ နည်းနည်းရွှေ့လိုက်တယ်။ လုံခြုံရေးရှိမယ့် နေရာတွေကို ရွှေ့ပေးလိုက်တယ်။ သိပ်မဝေးပါဘူး၊ ၄ မိုင်လောက် ဝန်းကျင်ပေါ့။ လမ်းလည်းကောင်းတယ်။ ဆိုင်ကယ် ကား သွားလို့ရတယ်။ ကားလမ်းနား ရွှေ့လိုက်တာပေါ့။ ခုက မော်မိတ်ဆိုတဲ့ အုပ်စုကတော့ မိုင်းရှုးမြို့နယ် ရပ်ကွက် ၄ ထဲကို ရွှေ့တယ်။ မော်မေ့ဆိုတာ မိုင်းရှုးနဲ့ ကပ်နေတာ။ ကွန်ကျောင်းနဲ့ နောင်ဖက်လို့ခေါ်တယ် အဲဒီ အုပ်စု နှစ်ခုက၊ အဲဒါ မိုင်းပတ် ဆိုတဲ့နေရာကို ရွှေ့တယ်။ သူက မဲရုံ ၃ ရုံရှိတယ်။ မော်မိတ်က ၂ ရုံရှိတယ်။”

NLD ဘက်က လုံခြုံရေးအား နည်းတယ်ဆိုတဲ့ အချက်ကိုထောက်ပြပြီး ကန့်ကွက် ခဲ့ပေမယ့် တခြားသော ရွေးကောက်ပွဲဝင် လွှတ်တော် ကိုယ်စားလှယ် အချို့ကတော့ ဒါကိုလက်မခံကြပါဘူး။ ကော်မရှင်ဘက်ကတော့ လုံခြုံရေးစိတ်ချရမယ့် နေရာတွေကို ပြောင်းရွှေ့ ကျင်းပပေးဖို့ အဆင်သင့် ဖြစ်နေပြီ လို့ ပြောဆိုလိုက်ပါတယ်။ ကော်မရှင်ဘက်က အခုလိုဆုံးဖြတ်ချက် အပေါ် NLD ဘက်ကတော့ သိပ်ဘဝင်မကျလှပါဘူး။ မိုင်းရှုးမြို့နယ်က NLD ပါတီဘက်က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကတော့ ကော်မရှင်ဆုံးဖြတ်ချက်အပေါ် ခုလိုတုံပြန်လိုက်ပါတယ်။

“အဆင်မပြေနိုင်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျနော်တို့က အဲဒီကျေးရွာတွေကို ဟောပြောခွင့်မှ မရပဲကိုး။ ဟောပြောခွင့် မရပဲ နေရာပြောင်းလဲ ကျနော်တို့ အတွက်က သိပ်အဆင်မပြေနိုင်ဘူးလေ။ NLD ပါတီက စည်းရုံးရေးဆင်းတဲ့အခါ တကယ့်လက်တွေ့ အဲဒီ်မှာက ဆင်းလို့မရဘူး။ ကျနော်တို့ ဆင်းချင်တဲ့ ရွာပေါင်း ၄၀ ကျော်ကို ဝင်လို့မရဘူး။ လုံခြုံရေးအရ သူတို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တဲ့နယ်မြေ မဟုတ်တဲ့ အတွက်ကြောင့် ကျနော်တို့က ကန့်ကွယ်တာဗျ။ အဲဒါကို UEC ကဆုံးဖြတ်တယ် ဆိုတော့လည်း မပြောတတ်တော့ဘူး”

ကန့်ကွက်လွှာ တင်ခံရတဲ့ နေရာတွေက နောင်ဖက် ကျေးရွာအုပ်စု၊ ကွန်ကျောင်း ကျေးရွာ အုပ်စုနဲ့ မော်မိတ် ကျေးရွာ အုပ်စု တွေပါ။ ဒီအုပ်စု ၃ ခုမှာ မဲပေးနိုင်မယ့် မဲဆန္ဒရှင် ဦးရေဟာ ၅၀၀၀ နီးပါးရှိပြီး မိုင်းရှုးမြို့နယ်တခုလုံးကမဲပေးနိုင်သူ မဲဆန္ဒရှင် အရေအတွက်ရဲ့ ၁၀ရာခိုင်နှုန်းလောက် ပမာဏ ရှိနေခဲ့တာပါ။ အခုတော့ဒီနေရာတွေမှာ မဲပေးခွင့် မဆုံးရှုံးတော့ပါဘူး။

၂၀၁၅ရွေးကောက်ပွဲမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ဖြစ်ခဲ့ရတဲ့ မိုင်းရှုး၊ ကျေးသီးနေရာ ၂ခုက ပြည်သူတွေကို ဒီတ ခေါက်မှာ မဲပေးနိုင်ဖို့ ညှိုနှိုင်းမှုတွေအကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။ ပါတီတွေဘက်က လုံခြုံရေးနဲ့ပတ်သတ်လို့ တင်ပြမှုတွေ ရှိ ခဲ့ပြီးဒါနဲ့ပတ်သတ်ပြီး အရင်ထဲက တစုံ တခုသော ပြဿနာတက်လာ ရင် ပြဿနာတက်တဲ့ မဲရုံတွေကထွက်လာမယ့် မဲတွေ ကိုထည့်သွင်းမတွက်ဘဲ ထားဖို့ သဘောတူညီချက်ရထား ပြီးသားဖြစ် တယ်လို့ ရွေးကောက်ပွဲကော်မရှင် နဲ့ပါတီတွေဘက် က ပြောပါတယ်။အဲဒီနေရာမှာ ပါတီ ၅ပါတီ က နေ ရွေးကောက်ပွဲရှင်ပြိုင် သွားမှာပါ။ လက်ရှိ မိုင်းရှုး တမြို့နယ်လုံးမှာဆိုရင် မဲရုံ အရေအတွက် ၅၀ နီးပါးရှိပြီး မဲပေးနိုင်တဲ့ မဲဆန္ဒရှင်အရေအတွက်ကတော့ ၅သောင်းနီးပါး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG