သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ခြမ်း တိုက်ပွဲတကျော့ပြန်ဖြစ်


ယူကရိန်းမြေပုံ
ယူကရိန်းမြေပုံ

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ အစိုးရတပ်နဲ့ ရုရှား လိုလားတဲ့ သူပုန်တွေကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာခဲ့တဲ့ အပေါ် အတော်လေး စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ရုရှား နယ်စပ် အနီးက တိုက်ခိုက်မှု အတွင်းမှာတော့ စစ်သားနဲ့ အရပ်သား ဒါဇင်နဲ့ချီပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ပြောဆိုလိုက်တာပါ။

ချက်ခြင်း အပစ်အခတ် ရပ်စဲကြဖို့ မနေ့ အင်္ဂါနေ့က ထုတ်တဲ့ ကြေညာချက် မှာ ဖော်ပြထားပြီး Avdiivka မြို့ပြင်က Promzona စက်မှုဇုန်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ပွဲကြောင့် ကလေးငယ် ၂၅၀၀ အပါအဝင် လူပေါင်း ၁ သောင်း ၇ ထောင်တို့ ရေ၊ လျှပ်စစ်မီး ပြတ်လက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

အခု တိုက်ခိုက်မှုဟာဆိုရင် ၂၀၁၅ ခုနှစ်က ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ ညှိနှိုင်း သဘောတူခဲ့ကြတဲ့ Minsk အပစ်ရပ် စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ဥရောပ သမဂ္ဂကလည်း ပြောဆိုလိုက်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း သေဆုံးခဲ့ရသူ ၁ သောင်းနီးပါး ရှိခဲ့ပြီး ဒီထဲက တဝက်ကျော်က အရပ်သားတွေ ဖြစ်ပါတယ်။

ဒီနောက် တလ အကြာမှာတော့ ရုရှားတို့က ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ကျူးကျော် သိမ်းပိုက်ပါတယ်။ နောက် ၂ လ အကြာမှာတော့ ယူကရိန်းနိုင်ငံ မြို့တော် Kyiv မှာ အနောက်နိုင်ငံတွေကို လိုလားတဲ့ ဆန္ဒပြပွဲတွေ နေ့စဉ် ရက်ဆက် ပေါ်ပေါက်လာခဲ့ပြီး ရုရှားလိုလားတဲ့ ယူကရိန်း သမ္မတလည်း ပြည်ပကို တိမ်းရှောင်ခဲ့ရပါတယ်။ ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်လိုက်တဲ့ အပေါ်မှာတော့ အနောက်နိုင်ငံ အစိုးရတွေကရော၊ ကုလသမဂ္ဂတို့ကပါ ကန့်ကွက်ခဲ့ကြပြီး အနောက်နိုင်ငံတွေက ရုရှား အစိုးရ အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက ၃ နှစ်နီးပါးကြာတဲ့ အထိ ဆက်ပြီး တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ရုရှား ဆက်ဆံရေး ပြေလည်ရေး လိုလားတယ်လို့ ထပ်ခါ ထပ်ခါ ပြောဆိုထားတဲ့ အမေရိကန် သမ္မတ Donald Trump လက်ထက်မှာ ရုရှား အပေါ် နိုင်ငံတကာရဲ့ ဖိအား လျော့လာနိုင်တဲ့ အပေါ် စိုးရိမ်ကြောင်း ယူကရိန်းနိုင်ငံက ပြောဆိုလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG