ဗြိတိန်နဲ့ယူကရိန်းနိုင်ငံကြားမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍ အကျိုးတူ ဆောင်ရွက်မှုနဲ့ ခိုးယူခံလိုက်ရတဲ့ ယူကရိန်းကောက်ပဲသီးနှံတွေကိုခြေရာခံဖို့အပါအဝင် နှစ်နိုင်ငံ သဘောတူစာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့ ဗြိတိန်က ဒီနေ့ ကြေညာလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ယူကရိန်းခေါင်းဆောင်တွေနဲ့ သဘောတူစာချုပ် လက်မှတ်ထိုးဖို့ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် Starmer ဟာ ဒီခရီးစဉ် အတွင်း ယူကရိန်းတပ်ဖွဲ့တွေအတွက် နောက်ထပ် စစ်လက်နက်အကူအညီသစ်တွေ ပေးဖို့ကိစ္စကိုလည်း ကြေညာသွားမှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဝန်ကြီးချုပ် Starmer ကတော့ ဒါဟာ အခုလောလောဆယ်အတွက်ပဲမဟုတ်ဘဲ နှစ်နိုင်ငံကြားမှာ လာမယ့်ရာစုနှစ်အတွက်ပါ ရင်းနှီး မြှုပ်နှံမှုဖြစ်တယ်လို့ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒီသဘောတူညီချက်ထဲမှာ ဘော်လ်တစ်ပင်လယ်၊ ပင်လယ်နက်နဲ့ Azov ပင်လယ်တွေမှာ ရုရှားရဲ့ ကျူးကျော်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဗြိတိန်နဲ့ယူကရိန်း နှစ်နိုင်ငံကြားမှာ လယ်ယာစိုက်ပျိုးရေးနည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာကာသဆိုင်ရာကိစ္စရပ်တွေကိုလည်း အတူ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရုရှားကယူကရိန်းနိုင်ငံ Chernihiv နဲ့ Dnipropetrovsk ဒေသတွေကို ဒရုန်းတွေ ဒုံးကျည်တွေအမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အိမ်ခြေသုံးဒါဇင်ထက်မနည်း ထိခိုက် ပျက်စီးပြီး တယောက်သေဆုံး၊ တယောက်ဒဏ်ရာရသွားခဲ့ပါတယ်။ ရုရှားဘက်ကပစ်လိုက်တဲ့ ဒရုန်း ၅၅ ခုထဲက ၃၄ ခုကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးက ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။
Forum