သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IAEA ရဲ့ နျူကိစ္စ စိုးရိမ်ချက် အီရန် ဖြေရှင်း


အီရန်အလံနဲ့ နျူကလီးယားသင်္ကေတ
အီရန်အလံနဲ့ နျူကလီးယားသင်္ကေတ

နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က အီရန်နိုင်ငံအပေါ် နျူကလီးယားနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့တောင်းဆိုထားတဲ့ အချက်တွေကို ဖြေရှင်းပြီးသွာပြီလို့ အီရန်အစိုးရမီဒီယာက အင်္ဂါနေ့မှာ ကြေညာပါတယ်။ အီရန်ကစခန်း ၃ ခုအနက် ၁ ခုမှာအရင်ကထုတ်ဖော် ကြေညာထားခြင်းမရှိတဲ့ နျူကလီးယားဆက်စပ် ပစ္စည်းတွေကို IAEA က တွေ့ရှိခဲ့တာပါ။ ဖားစ်ပြည်နယ်မှာ တည်ရှိတဲ့ မာရီဗန် စခန်းမှာ ယူ‌ရေနီယံတွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး နှစ်ဖက်ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တယ် ဆိုပါတယ်။

၈၃.၇ သန့်စင်မှုအဆင့်ရှိတဲ့ ယူရေနီယံအမှုန်အမွှားတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး IAEA ဖက်က စွဲချက်ကို ဖြေရှင်းခဲ့ကြောင်း အီရန်အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ Mehr သတင်းဌာနကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။

IAEA ကစစ်ဆေးသူတွေဟာ သူတို့အခေါ် “မနုဿဇီဝဗေဒဆိုင်ရာ မူလအစရှိတဲ့ ယူရေနီယမ်အမှုန်တွေ” ထုတ်ဖော် တွေ့ရှိမှုနဲ့ ပတ်သက်ပြီး အီရန်ထံကနေ အဖြေကို နှစ်ပေါင်းများစွာ တောင်းခံခဲ့တာပါ။

IAEA အကြီးအကဲ ရာဖေးလ်ဂရိုစီ မတ်လတုန်းက တီဟီရန်ကို လာရောက်ခဲ့တာအပါအဝင် နှစ်ဖက် အစည်းအဝေးတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အီရန်ကဒီစုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။

IAEA ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်မှာ အဲဒီ နေရာက နမူနာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာ ယူရေနီယမ် အမှုန်အမွှားတွေ တွေ့ခဲ့တာပါ။ ၂၀၀၃ ခုနှစ်ကတည်းက အီရန်ဟာ ဖောက်ခွဲစမ်းသပ်ဖို့ အတွက် အဲဒီနေရာမှာ နျူကလီယားပစ္စည်းတွေ သိမ်းဆည်းဖို့ စီစဉ်ခဲ့ကြောင်း IAEA ကပြောပါတယ်။

နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အီရန်က ငြင်းဆိုထားပါတယ်။

အီရန်ရဲ့ နျူလက်နက်အစီအစဉ်ကို ကန့်သတ်တဲ့သဘောတူညီမှု တရပ်ကို ၂၀၁၅ ခုနှစ်က အီရန်နဲ့ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေ ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်
အရင်အမေရိကန် သမ္မတဒေါ်နယ်ထရန့် လက်ထက် ၂၀၁၈ ခုနှစ်မှာတော့ ဒါကအီရန်အပေါ် လိုက်လျောလွန်းတယ်ဆိုပြီး သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်ထားပါတယ်။

ဒါကို တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဘက်ကလည်းဒီသဘောတူညီချက်ပါ ကတိတွေကို လိုက်နာခြင်းမပဲ ယူရေနီယံ သန့်စင်တာ ၊ ပိုမိုအဆင့်မြင့်တဲ့ သန့်စင်စက်တွေ အသုံးပြုတာအပြင် သန့်စင်ပြီးယူရေနီယံ အများအပြား သိုလှောင်တာတွေ လုပ်ခဲ့တာပါ။

IAEA ဟာ လာမယ့် သီတင်းပတ်မှာ လုပ်မယ့် နိုင်ငံ ၃၅ နိုင်ငံပါတဲ့ အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးမတိုင်မီ အခု အပတ်ထဲမှာ အီရန်နိုင်ငံဆိုင်ရာ ၃ လပတ်အစီရင်ခံစာတွေကိုလည်း ထုတ်ပြန်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG