“The Human Rights Situation in Myanmar” မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ- ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေအပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံးကို ကန့်ကွက်ရှုတ်ချထားပြီး၊ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနိုင်ရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလအထွေထွေညီလာခံကြီးက တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးရည်ရွက်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အပြုသဘောမဆောင်ပဲ ယုံကြည်မှုပျက်ပြားစေတဲ့အတွက် မြန်မာအစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဗွီအိုအေကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
နိုဝင်ဘာလ (၁၆) ရက်နေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။ ဆုံးဖြတ်ချက်မူကြမ်းကို OIC အစ္စလာမ်မစ်နိုင်ငံ များအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲရေးဆွဲပြီး တတိယကော်မတီကို တင်သွင်းခဲ့တာပါ။ ဒါအပြင် ဒီမူကြမ်းဟာ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီမှာလည်း အတည်ပြုထားပြီးသာဖြစ်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ ဒီဆုံးဖြတ်ချက်ကို မြန်မာဘက်က လုံးဝကန့်ကွက်တဲ့အကြောင်း တတိယကော်မတီဆွေးနွေးပွဲမှာ ပြင်းပြင်းထန်ထန်တုန့်ပြန်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ကန့်ကွက်ရတဲ့ အကြောင်းအရင်းကို သံအမတ်ကြီးက အခုလိုပြောပြပါတယ်။
"နိုင်ငံရေးသဘောအဓိက ပါတာပေါ့နော်။ အမှန်ကတော့ သူ့ရဲ့ ပုံမှန်လုပ်ရမယ့် ဆွေးနွေးရမယ့်နေရာက လူ့အခွင့်အရေးကောင်စီ ဒါပေမယ့် အထွေထွေညီလာခံကို ဒီလူ့အခွင့်အရေးကိစ္စ ယူလာတာက နိုင်ငံရေးအရ လုပ်တာဖြစ်တယ်။ သောကြာနေ့ကဆိုရင်တွေ့မှာပေါ့ဗျာ ၊ အဲဒီမှာ နိုင်ငံတခုချင်းအလိုက် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ချမှတ်တာဆိုရင် ၄ နိုင်ငံပဲရှိတာခင်ဗျ ။ ဒါကို ရွေးထုတ်ပြီးမှ Select လုပ်တာပဲ ကမ္ဘာမှာ ၁၉၃ နိုင်ငံရှိတယ်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင်တွေ။ အဲဒီမှာ မြန်မာ၊ ဆီးရီးယား၊ အီရန်ရယ် ၊ မြောက်ကိုးရီးယားရယ်ပဲ နာမည်တပ်ပြီးတော့ လူ့အခွင့်အရေးကိစ္စပြောတယ်ဆိုတော့ ဒါကိုက အစ နာမည်တပ်တဲ့အခါ မတရားမူပေါ့နော်။ ကျနော်တို့ကို လုပ်တယ်ဆိုတာ လုံးဝလက်မခံနိုင်ဘူး။"
ဆုံးဖြတ်ချက်ပါ အချက်တွေကိုကြည့်ရင်လည်း အပြုသဘောမဆန်ပဲ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေကြောင်း သံအမတ်ကြီးက ပြောပါတယ်။
"စာသားတွေကို ကြည့်လိုက်ရင်လည်း အဓိက ဘာလဲဆိုရင် ဒုက္ခသည်တွေအရေးထက် အဓိက ကျနော်တို့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်သမားတွေ တိုက်ခိုက်ပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ အချက်အလက် စုံစမ်းရေးကော်မရှင်အဖွဲ့ Mission ဖွဲထားတာရှိတယ်လေ FFM လူ့အခွင့်အရေးကောင်စီက ။ အဲဒီ FFM ကနေပြီးတော့ အစီအရင်ခံထားတဲ့ဟာတွေကိုပဲ အဓိကထားပြီးတော့ ကြီးမားတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်တယ် ၊ ထောင်ပေါင်းများစွာသောလူတွေကို သတ်ဖြတ်တယ်တို့ ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်တယ်တို့ ဒါတွေကိုအဓိကထားပြီးတော့ အရေးယူဖို့ဆိုတာတွေကို အဓိကထားလုပ်တဲ့အခါကျတော့ ကျနော်တို့ ဒါက အပြုသဘောလုံးဝမဆန်တဲ့အပြင်ကို ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းထိခိုက်နိုင်တယ် ။ ရခိုင်မြောက်ပိုင်း မွတ်ဆလင်အရေးကိစ္စကို ငြိမ်းချမ်းစွာနဲ့ တိုင်းပြည်လုပ်ဆောင်တဲ့အခါမှာလည်း အကျိုးလုံးဝမပြုနိုင်ဘူး။ အချင်းချင်းမှာလည်း မြန်မာနိုင်ငံပြည်သူတွေနဲ့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှု တည်ဆောက်မှုကိုလည်း ပျက်ပြားစေမယ်။ တယောက်နဲ့တယောက်ပူးပေါင်းဆောင်ရွက်မူကိုလည်း အဟန့်အတားဖြစ်စေမယ်။ ဒါကြောင့်အဓိက ကန့်ကွက်တာပါပဲ။"
ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Masud Bin Momen ကလည်း အခု မြန်မာ့အရေးဆုံးဖြတ်ချက်ကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ သူတို့ဆန္ဒသဘောထား ပါမှသာ သူတို့ နေရပ်ရင်း ရွာတွေကို လွတ်လွတ်လပ်လပ်ပြန်နိုင်ရေးကို ကုလသမဂ္ဂက ထပ်ပြီး အတည်ပြုပေးလိုက်တာဖြစ်တယ်လို့ ကော်မတီရှေ့မှောက်မှာ ပြောသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက အခုလိုတုန့်ပြန်ပါတယ်။
"အဲဒါကတော့ နဂိုကတည်းကစပြီးလုပ်ကတည်းက ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ လက်မှတ်ရေးထိုးပြီးတော့ ပြန်လည်လက်ခံဖို့အတွက် စပြီး လုပ်ကတည်းက အဲဒီအချက်က ပါပြီးသားလေ ။ အဲဒါကြောင့် ပုံစံကို ၂ ဖက်သဘောတူပုံစံကိုချထားတာရှိတယ်။ အဲဒီ ဖြည့်စွက်ရမယ့် ပုံစံထဲမှာဆိုရင် သူတို့သဘောနဲ့ သူတို့ပြန်လာမယ်ဆိုတာကို သေချာအောင်ဆိုပြီး လက်မှတ်လည်းထိုးခိုင်းတယ်ခင်ဗျ။ လက်ဘွေယာကို နှိပ်ဖို့ အကွက်လုပ်ထားတယ်။ အဲဒါ ကျနော်တို့အသေချာလုပ်ထားပြီးသား"
ဒါပေမယ်လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ နိုဝင်ဘာလ (၁၅)ရက်နေ့က ဒုက္ခသည်တွေ စတင်ပြန်ပို့မယ့် အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်မလာသေးတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
"အမှန်ကတော့ သူတို့ ဘင်္ဂလားဒေ့ရှ်ဘက်က နဂိုကတည်းကနေ နှစ်နိုင်ငံသဘောတူထားတဲ့အတိုင်း ပုံစံနဲ့ အညီ သေချာစိစစ်ပြီးတော့ မေးမြန်းပြီးတော့ တကယ်ပြန်လာတဲ့လူကို လက်မှတ်တွေဘာတွေထိုးခိုင်းပြီး သေချာလုပ်တယ်ဆိုရင် ဒီပြဿနာ မဖြစ်ပါဘူး။ နဂိုကတည်းက သူတို့ ဆန္ဒနဲ့ ပြန်လာတဲ့လူတွေဖြစ်ဖို့ နဂိုကတည်းက တိုင်ပင်ပြီးသား ၊ သဘောလည်းတူပြီးသားပါ။
မေး။ ။ သံအမတ်ကြီးတို့ တတိယကော်မတီမှာ ဆွေးနွေးတင်ပြကြတော့ အမေရိကန်ဘက်က ကိုယ်စားလှယ်က ပြောတဲ့အခါမှာ Burma ဆိုတဲ့ အခေါ်အဝေါ်ကိုပဲ သုံးနေတာကို သံအမတ်ကြီးဘက်က ပြန်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက် ပြောဆိုတာတွေ့ရပါတယ်။ အမေရိကန်ကိုယ်စားလှယ်ကလည်း သူ့အစိုးရရဲ့ ပေါ်လစီဖြစ်တယ်လို့ပြောပြီး Burma ဆိုတာကိုပဲ ဆက်ပြီး သုံးသွားပါတယ်။ ဒီအပေါ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထိခိုက်စေမယ့်အလားအလာမျိုးရှိပါသလားရှင့်။
ဖြေ။ ။ ကျနော်ထင်တာကတော့ ထိခိုက်စရာတော့ မရှိပါဘူး။ ကိုယ်စားလှယ်ရဲ့ အားနည်းချက်လို့ပဲ ကျနော် ယူဆပါတယ်။ ကန့်ကွက်တယ်ဆိုတာကလည်း ကျနော် ကန့်ကွက်တာ ကအဓိကမဟုတ်ဘူး။ အဲဒီမတိုင်ခင် သဘာပတိကကိုက ဒီဟာကို ကုလသမဂ္ဂနေ အသိအမှတ်ပြုထားတဲ့ နာမည်ကိုသုံးပါလို့ အထပ်ထပ်ပြောထားပြီးသာ။ UN ကိစ္စတင်မဟုတ်ဘူး အဲဒီမတိုင်ခင်ကတည်းကလုပ်တဲ့ ကျနော်တို့ လုပ်တဲ့ကိစ္စမှာ အီရန်ကိစ္စမှာရော ၊ တဖက်နဲ့ တဖက် ပြောကြဆိုကြတဲ့အခါမှာ သူတို့အခေါ်အဝေါ်ကို မကြိုက်တဲ့ အသုံးအနှုန်းတွေကို သုံးတဲ့အခါမှာ သဘာပတိကနေပြီးတော့ သတိပေးပါတယ်။ ကျနော်တို့ကိစ္စမှာလည်း သဘာပတိကတားပါတယ် ၂ ခါလောက်တားတယ်။ ဒါပေမယ့်ဆက်ပြောတော့ ကျနော်ကလည်း ဝင်ပြောလိုက်တာပါ။ အမှန်ကတော့ သဘာပတိကိုယ်တိုင်က နဂိုကတည်းကမပြောဖို့ တားမြစ်ထားပြီးသား။ အဲဒီတော့ ကျနော်တို့ရပ်တည်ချက်ကတော့ နိုင်ငံတနိုင်ငံရဲ့ တရားဝင်သတ်မှတ်ထားတဲ့ နာမည်ကို တမင်မခေါ်ပဲနဲ့ အရင်နာမည်ဟောင်းကို သုံးတယ်ဆိုတာက အမှတ်တမဲ့ခေါ်တာလည်း မဟုတ်ဘူး ၊ တမင်လုပ်တယ်ဆိုတာ ဖြစ်တဲ့အခါကျတော့ ဒါသူ့အတွက်လည်းမကောင်းဘူး။ ကျနော်တို့ ၂ နိုင်ငံချင်း တယောက်နဲ့ တယောက်လေးစားမှုရှိဖို့လိုတယ်ဆိုတာကို ကျနော်ပြောပါတယ်။ ဒါပေမယ့် ၂ နိုင်ငံ ဆက်ဆံရေးမှာတော့ ဒါကြောင့်ထိခိုက်စရာမရှိဘူးလို့မြင်ပါတယ်။"
ဒီနှစ်မြန်မာ့အရေးဆုံးဖြတ်ချက်မှာ- ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ သိန်းကျော် တဖက်ဘင်္ဂလားဒေ့ရှ်ကို အတင်းအကျပ်မောင်းထုတ်ခဲ့မှုအပါအဝင် လူ့အခွင့်အရေး ဖိနှိပ်မှုတွေကို နိုင်ငံတကာတရားရုံးတွေကနေ စစ်ဆေးအရေးယူနိုင်ဖို့ ကုလသမဂ္ဂရဲ့ “ongoing independent mechanism” လို့ခေါ်တဲ့ အဖွဲ့ဝင် ၆၂ ဦးပါတဲ့ တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ ဖွဲ့စည်းထားတာကို ထပ်ပြီး အတည်ပြုခဲ့ပါတယ်။အဲဒီအတွက်လည်း ကုန်ကျငွေ ဒေါ်လာ (၂၇)သန်းနီးပါး သုံးစွဲမှာဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့ပြီး မြန်မာအစိုးရဘက်က နိုင်ငံခြားသားနှစ်ဦးပါတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း သံအမတ်ကြီးက ပြောပါတယ်။
မြန်မာ့အရေးဆုံးဖြတ်ချက်ကို ပူးတွဲအဆိုတင်သွင်းတဲ့နိုင်ငံပေါင်း ၁၀၃ နိုင်ငံဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ သြစတြီးယားနဲ့ မက်က္ကစီကို နိုင်ငံတွေ ပါဝင်ပါတယ်။ ကန့်ကွက်ခဲ့တဲ့နိုင်ငံ ၁၀ နိုင်ငံကတေ့ မြန်မာအပါအဝင် ရုရှား၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုစ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေ၊ ဘရွန်ဒီနဲ့ ဘဲလာရုစ်တို့ဖြစ်ပါတယ်။