သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလ လူ့အခွင့်အရေးကောင်စီ မဲခွဲအတည်ပြု


မြန်မာစစ်တပ်က ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာကအရေးယူနိုင်ဖို့ တိတိကျကျ မှတ်တမ်းတင်ထားမယ့်အဖွဲ့ ဖွဲ့ရေးပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ ကုလအချက်အလက်စုဆောင်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ်အခြေခံပြီး၊ ဆွေးနွေးဆုံးဖြတ်ထားတဲ့ ဒီ ဆုံးဖြတ်ချက်ထဲပါ အချက်အချို့ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးမှုရှိတယ်လို့ Geneva ဆိုင်ရာ မြန်မာသံအမတ်ကတော့ တုံ့ပြန်သွားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီ ဆုံးဖြတ်ချက်ကိုတော့ OIC အစ္စလာမ်မစ်နိုင်ငံ များအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲအဆိုပြုခဲ့တာဖြစ်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ထဲမှာ အရေးကြီးတဲ့ အချက်ကတော့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာတိုင်းရင်းသားတွေ ကျူးလွန်ခံခဲ့ရတဲ့ ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာတရားရုံး တခုခုက အရေးယူကိုင်တွယ်နိုင်အောင် တရားဝင်မှတ်တမ်းယူဖို့ အဖွဲ့ တဖွဲ့ ဖွဲ့စည်းရေး ပါဝင်တာဖြစ်ပါတယ်။

ဒီလို အဖွဲ့ကို ၂၀၁၆ ခုနှစ်က ဆီးရီယားနိုင်ငံအရေးအတွက် ဆုံးဖြတ်ခဲ့ဖူးပါတယ်။ အရင် ဖွဲ့စည်းခဲ့တဲ့ FFM အချက်အလက်စုဆောင်းရေးအဖွဲ့နဲ့ မတူတာကတော့၊ အခုဖွဲ့စည်းမယ့်အဖွဲ့က စုဆောင်းရယူမယ့်အထောက်အထားတွေဟာ ကုလသမဂ္ဂရဲ့ တရားဝင်အထောက်အထားတွေအနေနဲ့ နိုင်ငံတကာတရားရုံးတခုခုမှာ စစ်ဆေးကြားနာတဲ့အခါ အသုံးပြုဖို့ ရည်ရွယ်တာပါ။ ဒီ ဆုံးဖြတ်ချက်ဟာ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးအတွက် အထူးရည်ရွယ်တာဖြစ်တယ်လို့ OIC အဖွဲ့ကိုယ်စား ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးက လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။

“ဒီ ဆုံးဖြတ်ချက်ဟာဆိုရင် နစ်နာသူတွေအတွက် တရားမျှတမှုနဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီ ဆုံးဖြတ်ချက်မှာပါတဲ့ အဖွဲ့ ဖွဲ့စည်းရေးအတွက် ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးအနေနဲ့ OIC အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အတွက် OIC နဲ့ EU တို့က မူလတုန်းကတော့ သီးခြား အဆိုပြုချက်မူကြမ်းတခုစီရှိပါတယ်။ လေ့လာသူတွေအပြောအရတော့ OIC မူကြမ်းက ပျော့ပြီး၊ EU မူကြမ်းက ပိုပြီး ပြင်းထန်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ICC နိုင်ငံတကာပြစ်မူဆိုင်ရာတရားရုံးတင်ရေးအပေါ်မှာ ကွဲတာပါ။ OIC ဖက်ကတော့ ICC တင်ရေးထက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ပိုပြီး ဦးစားပေးဆောင်ရွက်လိုတဲ့ သဘောလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ မူကြမ်းနှစ်ခုကို ပြန်ညှိုနှိုင်းပြီး၊ တခုတည်းအနေနဲ့ထွက်လာရာမှာတော့ EU လိုလားချက်တွေက ပိုနေရာ ရလာတယ်လို့သိရပါတယ်။ အပြစ်ကျူးလွန်သူတွေကို အရေးယူရေးဟာ အဓိကကျတယ်လို့ EU ကိုယ်စားတင်ပြတဲ့ သြစတီးယား သံအမတ်က လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။

“တာဝန်ရှိသူတွေ အပြစ်ကင်းလွတ်ခွင့်ရနေတာကို အရေးမယူနိုင်ဘူးဆိုရင်တော့ အလားတူလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။ ဒါဟာ မြန်မာနိုင်ငံအတွက်ရော ဒေသတွင်းကိုပါ ရိုက်ခတ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံအနေနဲ့ ကုလစုံစမ်းရေးအဖွဲ့ FFM ကို နဂိုကတည်းက လက်မခံတာကြောင့်၊ အဲဒီ အစီရင်ခံစာအပေါ်အခြေခံတဲ့ ဒီ ဆုံးဖြတ်ချက်ကိုလည်း မြန်မာဖက်က ပယ်ချပါတယ်။ ဆုံးဖြတ်ချက်ဟာ အတည်မပြုနိုင်တဲ့အချက်အလက်တွေ တဖက်သပ်အချက်အလက်တွေအပေါ် အခြေခံ ရေးသားထားသလို၊ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအတွက်ပါ ထိခိုက်စေတယ်လို့ ဂျနီဗာ ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးချိုးဖောက်မှု စွတ်စွဲချက်တွေအပေါ် အလေးထား ပါတယ်လို့တော့ ပြောပါတယ်။

“တဖက်သတ်မမျှမတ ရေးထားတဲ့ အစီရင်ခံစာဖြစ်ပေမယ့်လို့ ဒီ လူ့အခွင့်အရေးစွတ်စွဲချက်တွေအပေါ် မြန်မာအစိုးရအနေနဲ့ကတော့ အရေးတယူ အလေးထားပါတယ်။ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းကာလမှာ ရခိုင်ကိစ္စဟာ စိန်ခေါ်အကဲစမ်းချက်တရပ်ဖြစ်ပါတယ်။ ဒီကိစ္စကို အမြင်ကျဉ်းကျဉ်းနဲ့မကြည့်ပဲ၊ ကျယ်ပြန်တဲ့အမြင်နဲ့ သုံးသပ်ကြည့်ရပါလိမ့်မယ်။ အခု ဆုံးဖြတ်ချက်ထဲ အသုံးအနှုံးတွေဟာ ကျူးကျူးကျော်ကျော်ရန်စတဲ့အသုံးအနှုံးတွေပါဝင်သလို၊ အင်မတန်ရှုပ်ထွေးပွေလီ ရခိုင်ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူမဖြစ်စေပါဘူး။ အချို့ဖော်ပြချက်တွေဆိုရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကိုပါ ထိပါးနေပါတယ်။”

အခု ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံကတော့ ကန့်ကွက်ပါတယ်။ မြန်မာနိုင်ငံဟာ ရခိုင်ကိစ္စမှာ တိုးတက်တဲ့ခြေလှမ်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်၊ အထူးသဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ MOU သဘောတူညီချက် လက်မှတ်ထိုးခဲ့တာကို ထောက်ပြပါတယ်။

ဆုံးဖြတ်ချက်ကို မဲခွဲရာမှာတော့ ထောက်ခံမဲ ၃၅ မဲ၊ ကန့်ကွက်မဲ သုံးမဲ၊ ကြားနာ ၇ မဲနဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်သွားပါတယ်။ ကန့်ကွက်တဲ့ သုံးနိုင်ငံကတော့ တရုတ်၊ ဖီလစ်ပိုင်နဲ့ ဘူရွန်ဒီနိုင်ငံတို့ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာ့လူ့အခွင့်အရေးကို နိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူကိုင်တွယ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံကိုပါ တိုက်တွန်းထားတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG