သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနှိပ်ကွပ်မှု Genocide လို့ခေါ်ဆိုဖို့ ကန် အမတ်တချို့တိုက်တွန်း


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရီပတ်ဘလီကန်လွှတ်တော်အမတ် Ed Royce အဖွင့်မိန့်ခွန်း ပြောနေစဉ် (စက်တင်ဘာလ ၂၆၊ ၂၀၁၈)
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရီပတ်ဘလီကန်လွှတ်တော်အမတ် Ed Royce အဖွင့်မိန့်ခွန်း ပြောနေစဉ် (စက်တင်ဘာလ ၂၆၊ ၂၀၁၈)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအဖြစ်အပျက်တွေကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု “Genocide” အဖြစ် ပြတ်ပြတ် သားသား ခေါ်ဆိုသတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော် ထိပ်တန်းလွှတ်တော်အမတ်တချို့က အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ကျင်းပတဲ့ ကြားနာပွဲအတွင်း ဝါရင့်ကော်မတီဝင် လွှတ်တော်အမတ်တွေက အဲဒီလို တောင်းဆိုသွားတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်အပြီး နှစ်ရက်အကြာမှာပဲ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု “Genocide Against the Burmese Rohingya” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲတရပ်ကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ကျင်းပတာပါ။

ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအပေါ် ပြစ်တင်ရှုတ်ချတာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို လူသားစာနာမှုအကူအညီတွေ ပေးတဲ့အပေါ် ကော်မတီဥက္ကဌက အမေရိကန်အစိုးရကို ချီးကျူးပြောဆိုပေမဲ့ ဒီ့ထက်ပိုလုပ်ဆောင်ဖို့ တိုက်တွန်းတဲ့အပြင် ကျူးလွန် ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်ဆိုတာ ရှင်းပါတယ်လို့ပြောပြီး အမေရိကန်အစိုးရအနေနဲ့ အဲဒီအတိုင်း သတ်မှတ် ခေါ်ဆိုဖို့ တောင်းဆိုပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ရေးဟာ အမေရိကန်အစိုးရအတွက် နောက်လုပ်ရမယ့်အဆင့် ဖြစ်ရပါမယ်။ ဒီဆိုးသွမ်းရက်စက်မှုတွေကို တကယ်ဖြစ်ထားတဲ့အတိုင်း သတ်မှတ်ရေးဟာ အဲဒီလုပ်ရပ်တွေ ရပ်ဆိုင်းသွားအောင် လုပ်ဖို့အတွက် နိုင်ငံတကာလူထု သတိပြုမိအောင်နဲ့ ထောက်ခံမှုရအောင် လုပ်တဲ့နေရာမှာ သိပ်ကိုအရေးကြီးပါတယ်။”

ဖြစ်ပျက်ခဲ့တာတွေကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့ သတ်မှတ်ခေါ်ဆိုဖို့ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက ဝါရင့်ကော်မတီဝင် ဒီမိုကရက်လွှတ်တော်အမတ် Eliot Engel ကလည်း တောင်းဆိုပါတယ်။

“ပထမဆုံးအနေနဲ့ ဒီကိစ္စကို ICC ကို လွှဲပြောင်းကိုင်တွယ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ လှုံ့ဆော် လုပ်ဆောင်သင့်ပါတယ်။ အဲဒီအစား သမ္မတက တကမ္ဘာလုံးရှေ့မှာ ICC ကို တိုက်ခိုက် ပြောဆိုပါ တယ်။ ဒီရာဇဝတ်မှုကို လူသားထုအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုလည်း ဖြစ်နိုင်တယ်ဆိုတဲ့ တကယ်ဖြစ်ထားတဲ့အတိုင်း နာမည်တပ်ခေါ်ဆိုဖို့ ကျနော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရှိန်အဝါကို အသုံးချသင့်ပါတယ်။ အဲဒီနောက် အခုနောက်ဆုံးပန်ကြားထားတဲ့ လူသားစာနာမှုအကူအညီ ရန်ပုံငွေ အပြည့်အဝရရှိရေး နိုင်ငံတကာရဲ့ ခိုင်မာတဲ့ ကတိကဝတ် ရအောင် လုပ်ရပါမယ်။”

စက်တင်ဘာလ ၂၄ ရက်၊ တနင်္လာနေ့ကထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ရခိုင်ပြည်နယ်အဖြစ်အပျက်ဆိုင်ရာ အစီရင်ခံစာထဲမှာ “လူသားထုအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes Against Humanity” ဒါမှမဟုတ် “လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု Genoicide” အဖြစ် ပြတ်ပြတ်သားသား ဖော်ပြ ပြောဆိုထားတာ မပါတဲ့အပေါ် လွှတ်တော်အမတ်တွေက အပြင်းအထန် တုန့်ပြန်ကြတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်အစိုးရက တရားဝင် သတ်မှတ်ခေါ်ဆို မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ရေး ဒါမှမဟုတ် ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ရေးမှာ ခိုင်လုံတဲ့အချက်တခုအဖြစ် အသုံးပြုနိုင်ခြေရှိနေတာပါ။

ဒီအတွက်ကြောင့်လည်း အမေရိကန်အစိုးရအဖွဲ့တွင်းမှာ အဲဒီအခေါ်အဝေါ်နဲ့ ပတ်သက်လို့ အပြင်းအထန် သဘောထားကွဲလွဲတာ တွေဖြစ်ပြီး အစီရင်ခံစာကိုထုတ်ပြန်ဖို့ တလကြာ နှောင့်နှေးခဲ့ရတာလို့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ရီပတ်ဘလီကန်လွှတ်တော်အမတ် Ed Royce လို လွှတ်တော်အမတ်တွေရဲ့ ဖိအားက အစိုးရအပေါ် သက်ရောက်မှုရှိနိုင်ဆဲပါ။

ဗုဒ္ဓဟူးနေ့ကြားနာပွဲမှာ တက်ရောက်ပြောဆိုသူတွေထဲ VOA ရဲ့ Plugged In အစီအစဉ်ကို ပင်တိုင်တင်ဆက်နေသူ Greta Van Susteren လည်းပါဝင်ပြီး ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေအကြောင်း သတင်းရေးသားတင်ပြရတဲ့ သတင်းထောက်တွေ ဘယ်လောက် ဖိအားနဲ့ အခက်အခဲကြုံရတယ်ဆိုတာ ပြောသွားပါတယ်။

“VOA သတင်းထောက်တွေဟာ ဒီအကျပ်အတည်း စဖြစ်တဲ့အချိန်ကတည်းက မြန်မာနိုင်ငံတွင်းအပါအဝင် နိုင်ငံတကာက ပရိသတ်တွေအတွက် သတင်းရေးသား တင်ပြနေပါတယ်။ ဒီလိုလုပ်ဆောင်တာမှာ မြန်မာနိုင်ငံက ဗွီအိုအေ သတင်းထောက်တွေအတွက် သိပ်ကိုအန္တရာယ်ကြီးတယ်ဆိုတာ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ ထောင်ချခံရတာကိုကြည့်ရင် သိနိုင်ပါတယ်။ “ရိုဟင်ဂျာ” ဆိုတဲ့အသုံးအနှုန်းကို မသုံးစွဲဖို့ ကျမတို့သတင်းထောက်တွေကို ဖိအား ပေးတာခံရပါတယ်။”

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲရဲ့ ခေါင်းစဉ်မှာကိုပဲ ရိုဟင်ဂျာလို့ သုံးစွဲဖော်ပြထားပေမဲ့ ဒီအသုံးအနှုန်းကို မြန်မာအစိုးရက အသိအမှတ်မပြုသလို မြန်မာလူထုကြားမှာလည်း ဒီအသုံးအနှုန်းအပေါ် အခြေအတင် အငြင်းပွားနေဆဲပါ။

ကြားနာပွဲအတွင်း တင်ပြထွက်ဆိုသွားသူ နောက်တဦးကတော့ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က အမေရိကန် အစီအစဉ် ဒါရိုက်တာ Stephen Pomper ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်ဆောင်နိုင်တဲ့ မဟာဗျူဟာကိုကြည့်မယ်ဆိုရင် နည်းပါးပြီး ပြည်စုံမှုလည်းမရှိသလို အကန့်အသတ်နဲ့ဖြစ်နေတယ် ဆိုပေမဲ့လည်း ရှိတဲ့နည်းလမ်းအားလုံးကို လုပ်သွားရမယ်လို့ မစ္စတာ Pomper ကပြောပါတယ်။

“တိုးတက်မှုရဖို့ဆိုရင် အဲဒီနည်းလမ်းအားလုံးကို အပြည့်အဝ အသုံးပြုရပါလိမ့်မယ်။ ဒီနည်းလမ်းတွေထဲမှာ Magnitsky ဥပဒေအပါအဝင် တခြားနည်းလမ်းတွေသုံးပြီး ပစ်မှတ်ထားအရေးယူတာ ပါဝင်ပါတယ်။ ဒီနည်းလမ်းဟာ တမဟုတ် ချင်းဖြေရှင်းနိုင်မယ့်နည်းလမ်း မဟုတ်ပေမဲ့လည်း ဆိုးရွားတဲ့လုပ်ရပ် ကျူးလွန်ဖွယ်ရှိတဲ့ နောက်ထပ်လူတွေကို တားဆီးနိုင်ခြေ ရှိပါတယ်။ လုပ်နိုင်တဲ့နည်းလမ်းတွေထဲ နိုင်ငံတကာ တရားရေးစနစ်အရ အရေးယူတာကို ထောက်ခံတာလည်း ပါဝင်ပါတယ်။ ဒီလုပ်ဆောင်မှုတွေကနေ ရလဒ်တွေထွက်လာဖို့ အချိန်ကြာနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆိုးသွမ်းတဲ့ရက်စက်မှုတွေကို ခံစားရသူတွေ အတွက် သိသာထင်ရှားတဲ့ တရားမျှတမှုကိုရဖို့အတွက် ဒီနည်းလမ်းတွေပဲရှိပါတယ်။”

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် တခြားလွှတ်တော်အမတ် အများအပြားကလည်း ထောင်ခုနစ်နှစ်စီ ချခံထားရ တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပြန်လွတ်လာအောင် အမေရိကန်အစိုးရအနေနဲ့ ဖိအားပေးလုပ်ဆောင်ဖို့ ကြားနာပွဲအတွင်း တောင်းဆိုသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG