သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

“ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု” ကန်အောက်လွှတ်တော်ကြားနာ စစ်ဆေး


“ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု” ကန်အောက်လွှတ်တော်ကြားနာ စစ်ဆေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်မှာ အခုအသံလွှင့်နေချိန်မှာပဲ ကြားနာနေပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါင်းစဉ်ပေးထားတဲ့ ကြားနာပွဲမှာတော့ ဗွီအိုအေရဲ့ Plugged in အစီအစဉ် တင်ဆင်သူ Greta Van Susteren နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ညွှန်ကြားရေးမှူး Stephen Pomper တို့ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ကတော့ ဆယ်စုနှစ်နဲ့ချီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆုံးရှုံးနေတဲ့ ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ထပ်သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရကြောင်း ပြောဆိုခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်းနဲ့ တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ကိုလည်း အရေးယူဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အမေရိကန်အစိုးရက ဖိအားပေးဖို့လည်း တိုက်တွန်းခဲ့တာပါ။

အမေရိကန် အစိုးရကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် သတ်မှတ်ထားပေမဲ့ နိုင်ငံတကာ ဥပဒေတွေအရ ပြဌာန်းထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ မြန်မာစစ်တပ် အဓိက တာဝန်ရှိကြောင်း တနင်္လာနေ့တုန်းကပဲ အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲထားကြတာပါ။ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG