သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အဆုံးသတ်ရေး ကုလမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို


Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ July 1, 2018 REUTERS
Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ July 1, 2018 REUTERS

နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က သူ့နိုင်ငံထဲ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ပြဿနာကို တင်ပြခဲ့ပြီး ဒီပြဿနာ အဆုံးသတ်နိုင်ရေးအတွက် ရိုဟင်ဂျာတွေ အပေါ်ခွဲခြားဆက်ဆံမှုတွေ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ၊ မူဝါဒတွေ ဖယ်ရှားပေးတာအပါအဝင် အချက် ၃ ချက်လုပ်ဆောင်ပေးဖို့ ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တနင်္လာနေ့က ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပြီး “High- level Event on the Global Compact on Refugees: A Model for Greater Solidarity and Cooperation” ကမ္ဘာတဝှမ်း ဒုက္ခသည်ဆိုင်ရာ တသားထဲရပ်တည်၊ ပူးပေါင်းဆောင်ရွက်မယ့် ပုံစံအတွက် ကမ္ဘာ့ဘဏ်အပါအဝင် အဆင့်မြင့် ပုဂ္ဂိုလ်တွေပါဝင်တဲ့ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က သူ့နိုင်ငံမှာ အိမ်နီးချင်နိုင်ငံဘက်ကလာတဲ့ ဒုက္ခသည် တသန်းကျော် လက်ခံထားရတဲ့အကြောင်း တင်ပြခဲ့တာပါ။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ တချိန်တိုတိုလေးအတွင်းမှာ လူဦးရေ ၁.၁ သန်း ကိုလက်ခံလိုက်ရတာပါ။ သူတို့ဟာ ရာစုနှစ်နဲ့ချီနေခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကနေ အတင်းပြောင်းရွှေ့တာ ခံရတဲ့ စိတ်ဒဏ်ရာ ရနေတဲ့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။”

ဒီဒုက္ခသည်တွေ နေထိုင်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက မြေဧကပေါင်း ၆၀၀၀ ကျော် ပေးထားရတဲ့ အပြင် သူတို့အတွက် အခြေခံ လိုအပ်ချက် တွေကိုပါ ဖြည့်ဆည်းပေးနေရတာမို့ ဒီဒုက္ခသည် ပြဿနာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး တရပ်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ လူမှုရေး၊ စီးပွါးရေးနဲ့ သဘာဝ ဝန်းကျင်လို အရင်းအမြစ်တွေသာမက လူသားအရင်းအမြစ်တွေပါ ပေးဆပ်ပြီးတာဝန်ယူနေရတဲ့အတွက် နိုင်ငံတကာက အကူညီပေးကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

"နိုင်ငံတကာမိတ်ဆွေတွေ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့တွေက ရိုဟင်ဂျာတွေကို အကူအညီတွေ ပေးနေကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ ၂၀၁၈ အတွက် ကုလသမဂ္ဂတုန့်ပြန်ဆောင်ရွက်ရေး ပူးတွဲလုပ်ဆောင်မှုအစီအစဉ်မှာ လိုအပ်တဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၉၅၀ ဖြစ်ပေမယ့် အခုအချိန်အထိ ၃၃ % သာ ရထားပါသေးတယ်။”

ရိုဟင်ဂျာတွေနဲ့ သူတို့ဒဏ်ခံရတဲ့ ဝန်းကျင်က တခြား အသိုင်းအဝိုင်း တွေအတွက် နိုင်ငံတကာက မျှဝေခံစားတာဝန်ယူလိုတဲ့ စိတ်ဓါတ်နဲ့ လူသားချင်းစာနာမှုနဲ့ ဖွံဖြိုးမှုအထောက်အကူတွေကို နိုင်ငံတကာအသိုင်းဝိုင်းက ပေးအပ်မယ်လို့ တွက်ဆထားကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဒီရိုဟင်ဂျာ ပြဿနာ အဆုံးသတ်စေရေးအတွက် အချက် ၃ ချက်ကိုပါ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ကုလသမဂ္ဂမှာ အခုလို တင်ပြခဲ့ပါတယ်။

“ကျမအနေနဲ့ အကြံပေးချက် ၃ ခုကို တင်ပြချင်ပါတယ်။ ပထမအချက်အနေနဲ့ မြန်မာဘက်က မှန်မှန်ကန်ကန်နဲ့ အချိန်မဆွဲပဲ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုရှိတဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ လုပ်ဆောင်မှုတွေကို ဖျက်သိမ်းပြီး သူတို့ကို အတင်းပြောင်းရွှေ့စေတဲ့အကြောင်းရင်းကို ထုတ်ဖေါ်ပြောဆိုဖို့ပါ။ ဒုတိယအချက်က ရိုဟင်ဂျာအားလုံး အဆင်ပြေစေမယ့် ဝန်းကျင်တရပ်ကို ဖန်တီးပေးဖို့ ယုံကြည်မှုတည်ဆောက်တာ၊ ရပိုင်ခွင့်တွေ အကာကွယ်ပေးဖို့အာမခံချက်ပေးတာ၊ နိုင်ငံသားပေးဖို့ လမ်းဖွင့်ပေးတာနဲ့ ဖြစ်နိုင်ရင် တခြားနိုင်ငံသားအားလုံးကို အကာကွယ်ပေးဖို့ လုံခြုံတဲ့ဇုံတခု ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ တတိယအချက်ကတော့ အထူးသဖြင့် ကုလ အချက်လက်ရှာ အဖွဲ့ရဲ့ အကြံပြုချက်အတိုင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်သူတွေကို တာဝန်ခံ တာဝန်ယူမှုနဲ့ တရားမျှတမှုရှိစေဖို့ လုပ်ပေးပြီး သူတို့အပေါ် နောက်ထပ် ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မလာအောင် အကာကွယ်ပေးဖို့ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်သားတွေ သေဆုံးခဲ့ရတဲ့နောက် မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းမှုတွေလုပ်ခဲ့သလို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေလည်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတာပါ။ ဒီလိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ လူသတ်မှု မုဒိန်းကျင့်မှုနဲ့ နေအိမ်မီးရှို့တာလို လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ မြန်မာဆိုင်ရာ အချက်လက်ရှာဖွေရေး အဖွဲ့က တင်ပြခဲ့ပေမယ့် မြန်မာဘက်ကတော့ လက်မခံပဲ ဒါဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတာ ဖြစ်ကြောင်းပြောဆိုပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာစိုးရက လက်မခံပေမယ့် သူတို့နေရပ်ပြန်ရေးအတွက် ၂၀၁၇ မှာပဲ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ လက်မှတ်ရေးထိုး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေးမှာ လက်ခံဖို့ အသင့်ဖြစ်နေပြီလို့ မြန်မာဘက်ကပြောပေမယ့် နိုင်ငံတကာကတော့ မြန်မာနိုင်ငံဟာ ဒုက္ခသည်ပြန်လက်ခံရေးအတွက် အသင့်မဖြစ်သေးဘူးလို့ ပြောဆိုနေကြတာပါ။

အခုကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာပဲ ကြာသပတေးနေ့ကျရင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina မိန့်ခွန်းပြောကြားဖို့ ရှိပြီး အဲဒီအချိန်မှာ ရိုဟင်ဂျာ ပြဿနာ အဆုံးသတ်ရေး ထပ်ပြီး တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကလည်း ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာပြန်ပို့နိုင်ရေး ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာအတွက် နည်းလမ်းရှာဖို့ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ တင်ပြမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တောင်းဆို
please wait

No media source currently available

0:00 0:04:16 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG