သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်လာရေး ဘင်္ဂလားဒေ့ရှ်ကြောင့်နှောင့်နှေးဟု မြန်မာတန်ပြန်စွပ်စွဲ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးမှာ နှောင့်နှေးကျန့်ကြအောင် မြန်မာနိုင်ငံဘက်က စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေရှ်နိုင်ငံ ၀န်ကြီးချုပ် Sheikh Hasina ပြောဆိုချက်ကို မြန်မာအစိုးရဘက်က ပယ်ချပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေး ကျန့်ကြာနေတာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်မှုနဲ့ စတင်ရမယ့် လုပ်ငန်းတွေကို အချိန်မှီမဆောင်ရွက်တဲ့အတွက် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မတီ UEHRD ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးက VOA ကို ပြောဆိုတာပါ။ ဒေါက်တာဝင်းမြတ်အေးကို VOA မြန်မာပိုင်းအစီအစဉ်က ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းတဲ့အချိန် သူက အခုလို စတင်ပြောဆိုပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ အဓိကတော့ ကျနော်တို့က လုပ်ထုံးလုပ်နည်းဥပဒေ သတ်မှတ်တဲ့အတိုင်း အကုန်လုံးလုပ်တယ်။ ဒီဟာတွေ ကျနော်တို့ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ဆိုတာက အစောကြီးကတည်းက ပြန်လက်ခံမယ်ဆိုတာလည်း ကြေညာထားတယ်။ ပြန်လက်ခံဖို့အစီအစဉ်တွေကိုလည်း ကျနော်တို့ လုပ်ဆောင်ရမယ့် Step တိုင်းကို ကျနော်တို့နိုင်ငံကသွားနေတယ်။ ဒါပေမယ့် တဖက်က တုံ့ပြန်တာက နှေးနေတာ တကယ်တော့ အဲဒါကျနော်အထင်တော့ ပြောတဲ့ဝန်ကြီးချုပ်က အောက်မှာဆောင်ရွက်နေတဲ့ တကယ့်အဆင့်တွေမှာ ကျနော်တို့က လုပ်နေတဲ့ လုပ်ငန်းတွေရယ် နောက်တဖက်က တုံ့ပြန်တဲ့ လုပ်ငန်းတွေကို အမှန်တကယ်အတိုင်းပဲ အောက်ခြေကဖြစ်နေတာတွေ မသိလို့လားပေါ့နော် ။ အဲလိုပြောတာက အံ့အားသင့်စရာဖြစ်တယ် ကျနော်တို့အတွက်။ တကယ်တော့ ကျနော်တို့ ဆောင်ရွက်ချက်တွေက အမှန်အတိုင်း အပြည့်အစုံ အတိအကျ သဘောတူတဲ့အတိုင်းအကုန်လိုက်လုပ်နေတာ မလုပ်တာ တခုမှ မရှိဘူး။ ကျနော်တို့က မြန်မြန်ဖြစ်စေချင်လွန်းလို့ ကျနော်တို့မှာ ကြိုတင်ပြီးတော့ ဆောက်ထားတဲ့ အိမ်တွေ၊ ဒီစခန်းတွေရော ထိန်းသိမ်းနေရတာ။ ထိန်းသိမ်းနေရတာဆိုတာက လူမရှိသေးလို့ ။ အဲဒီတော့ နိုင်ငံခြားအဖွဲ့တွေလာကြည့်ရင်လည်း လူလည်းမရှိသေးပါလားဆိုတာ ဘယ်မရှိသေးမလဲ တဖက်ကမှ မပို့သေးတာ၊ ပို့မှ ရမှာလေ။ ကျနော်တို့က လက်ခံချင်ပါတယ်လို့လဲပြောပြီးပြီ လက်ခံရမယ့်အစီအစဉ်တွေကိုလည်း ဆက်တိုက် ဆောင်ရွက်ပြီးပြီ တဖက်က ပို့မှရမှာလေ။ ပို့တာကမှ မစသေးတာ။ ဒါကိုကျနော်တို့ကပြောချင်တာပါ။ နောက်ပြီးတော့ ပြောတယ်ဆိုတာကတော့ အောက်ခြေမှာ တကယ်ဖြစ်နေတာတွေကို မသိပဲ ပြောတော့ ကျနော်ကတော့ အံအားသင့်သွားတာပေါ့နော် အဲဒါပါပဲ။

ဦးသိန်းထိုက်ဦး။ ။ ဒုက္ခသည်တွေအကြားမှာ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် အစီအစဉ်နဲ့ ပတ်သက်ပြီး သူတို့ သိပ်မသိဘူး၊ နောက်ပြီးတော့ စိစစ်ရေး ကဒ်တွေမရောက်ဘူးဆိုတဲ့ သတင်းမျိုးထွက်နေပါတယ် အဲဒီသတင်းတွေရော ဟုတ်ပါသလားခင်ဗျ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဒုက္ခသည်တွေက ဘယ်လိုပြန်ရမယ့်အစီအစဉ်ကို မသိဘူးဆိုတာကတော့ အမှန်ပဲ ကျနော်တို့ကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို အကုန်လုပ်ပြီးပြီ။ ပို့ပြီးပြီ ဒါပေမယ့် တဖက်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှ ရမှာ ။ သူတို့လည်း ပူးပေါင်းပါမယ်ဆိုပြီးတော့ ပြောပြီးပြီ။ နိုင်ငံခြားရေးဝန်ကြီးကလည်း အဖွဲ့နဲ့ လာပြီးတော့ ပြောသွားတယ်။ ဒါပေမယ့် မစသေးတာ ကျနော်တို့ကလည်း ပြန်ပြီးတော့ အံသြတယ်။

ဦးသိန်းထိုက်ဦး။ ။ ၂ နိုင်ငံကြားသဘောတူစာချွန်လွှာက ဇန်န၀ါရီလ ၂၃ ၇က်နေ့ကတည်းက ထိုးပြီးတော့ စဖို့ဆိုပြီးတော့ လုပ်နေတာပါ။ ဘာကြောင့်နှောင့်နှေးတယ်လို့ ပြောလို့ရမလဲ

ဒေါက်တာဝင်းမြတ်အေး။ ။ ဘာကြောင့်နှောင့်နှေးတယ်လို့ ပြောလို့ရမလဲ ဆိုတော့ ခုနကျနော်ပြောတဲ့အတိုင်းပဲ လုပ်ရမယ့်အစီအစဉ်အတိုင်းကို တဖက်မှာ မစသေးလို့ ဥပမာ-ဖြည့်ရမယ့်ပုံစံတွေက စခန်းတွေထဲရောက်ရမယ် ၊ အခုမရောက်သေးဘူး။ ကျနော်တို့ ကိုယ်တိုင်သွားတုန်းကလည်း မရောက်သေးဘူး။ အခုနောက်ပိုင်းလည်း မရောက်သေးဘူး အဲလိုဖြစ်နေတော့ အဲဒါကနေ ပထမဦးဆုံး နံပတ်၁ စရမယ့်ဟာက မစနိုင်သေးလို့ ။ စရမယ့် ကိစ္စက စလိုက်ပြီဆိုရင် ဆက်တိုက်ဖြစ်သွားမယ် ဒါက Process တခုပဲလေ။ Arrangement ကရှိပြီးသား ၁၊၂၊၃၊၄ ဆိုပြီး ဘာပြီးဘာလုပ်မယ်ဆိုတာ ရှိပြီးသား

ဦးသိန်းထိုက်ဦး။ ။ ဒုက္ခသည်အရေအတွက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာပြည်က ၁ သန်းလာတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်က ပြောတယ်၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကတော့ ၄ သိန်းပဲ ရှိတယ်ဆိုပြီးပြောတယ် အရေအတွက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေက နှောင့်နှေးကြန့်ကြာတဲ့အထဲမှာ အဓိက အဟန့်အတားဖြစ်စေတယ်လို့ ပြောလို့ရမလားခင်ဗျ။

ဒေါက်တာဝင်းမြတ်အေး။ ။ အရေအတွက်နဲ့တော့ ကျနော်ထင်တယ် ဘယ်လို နှောင့်နှေးကြန့်ကြာမှုရှိနိုင်မလဲ ။ အခုပဲ လာဦးတော့ တဖြေးဖြေးလာနေရမှာဖြစ်တဲ့အတွက် စလို့ရနေတာကို မြန်မြန်စလိုက်ရင် ဒီအရေအတွက်ပြဿနာကလည်း သေချာစိစစ်ပြီးမှ လက်ခံဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအရေအတွက်နဲ့ ပတ်သက်ရင် ကျနော်တို့ဘက်က ပြဿနာမရှိဘူး။ ကျနော်တို့က မှန်မှန်ကန်ကန်စိစစ်ပြီးတော့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အရေအတွက်ကို ကျနော်တို့ကမပူဘူး။ မပူဘူးဆိုတာက ကျနော်တို့ အမှန်အတိုင်း သူဟာသူ အရေအတွက်က ထွက်ပေါ်လာမယ်။ဘယ်လိုပဲပြောနေ အရေအတွက်အမှန် ထွက်ပေါ်လာမယ်။

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မတီ UEHRD ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးကို VOA မြန်မာပိုင်းအစီအစဉ်က ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG