(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂက ချမှတ်လိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့တုန်းက မဲခွဲခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ မြန်မာနိုင်ငံဘက်က ပယ်ချခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အပါအဝင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာပါ။
ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၈ မဲနဲ့ တခဲနက် အတည်ပြုကြောင်း အထွေထွေညီလာခံဥက္ကဋ္ဌ Tijjani Muhammad-Bande က ကြေညာခဲ့တာပါ။ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆက်တွဲ အရေးယူဆောင်ရွက်တာမျိုး မရှိပေမယ့်လည်း အဖွဲ့ဝင် ၁၉၃ နိုင်ငံကြား ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအပေါ် တဖက်သတ် ဖိအားပေးတဲ့ ဆုံးဖြတ်ချက်အဖြစ် ကန့်ကွက်ခဲ့ပါတယ်။
“ဆုံးဖြတ်ချက်မူကြမ်းဟာ ရခိုင်ပြည်နယ်က ရှုပ်ထွေးတဲ့ အခြေအနေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထင်သာမြင်သာ အဖြေရှာနိုင်အောင် စိတ်ကောင်းစေတနာနဲ့ ကြိုးပမ်းမှုမဟုတ်တာ ထင်ရှားပါတယ်။ မြေပြင်က အခြေအနေတွေကို အသိအမှတ်ပြု လက်ခံဖို့ ပျက်ကွက်ခဲ့သလို တိုင်းပြည်လွတ်လပ်ရေး ရချိန်ကနေ အရင်အစိုးရအထိ ချန်ထားခဲ့တဲ့ စိန်ခေါ်မှုတွေကို ပြည့်ပြည့်၀၀နဲ့ ရေရှည်အဖြေရှာဖို့ အစိုးရနဲ့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုတွေအပေါ် အသိအမှတ်ပြုဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။”
၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိခဲ့ကြောင်းနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူတာ၊ စုံစမ်းနေတာတွေ ရှိတယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့လည်း အထွေထွေညီလာခံက စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။
မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ အကျိုးထက် အပြစ်က ပိုများလိမ့်မယ်ဆိုပြီး မဲခွဲမဆုံးဖြတ်ခင်မှာပဲ သတိပေးခဲ့ပါတယ်။
“လက်ရှိ မူကြမ်းအဆင့်မှာပဲ ရှိနေသေးတဲ့ ဆုံးဖြတ်ချက်ကြောင့် မယုံကြည်မှုတွေ အမြစ်တွယ်လာမှာဖြစ်သလို ဒေသတွင်းက မတူကွဲပြားတဲ့ လူ့အသိုင်းအဝန်းကြား ကွာဟချက်တွေလည်း ပိုကြီးထွားလာပါလိမ့်မယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ သဟဇတ အခြေအနေတွေဟာ ထိလွယ်ရှလွယ် ဖြစ်နေချိန်မှာ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။”
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းဖို့၊ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အများပြည်သူကို အကာအကွယ်ပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု ရရှိရေး အမြန်ဆုံး ကြိုးပမ်းဖို့လည်း တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာပဲ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းဖော်ထုတ်တဲ့ လုပ်ငန်းတွေကို ဘဏ္ဍာရေးအရ ထောက်ပံ့ဖို့လည်း ဆုံးဖြတ်ခဲ့တာပါ။ ၂၀၂၀ ပြည့်် ဘဏ္ဍာနှစ်မှာ ကုလသမဂ္ဂ အသုံးစရိတ်အဖြစ် ဒေါ်လာ ၃.၀၇ ဘီလီယံ သတ်မှတ်ရာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သုံးစွဲဖို့လည်း ပထမဆုံးအကြိမ်အဖြစ် အထွေထွေညီလာခံက ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
------------------------------------
(Unicode)