မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခတွေဖြစ်နေတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေးကို လေးစားဖို့ EU အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့က EU ဥရောပသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်ကို EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Kaja Kallas ကတင်ပြ ပြောကြားခဲ့တာဖြစ်ပါတယ်။
၃ နှစ်ကျော်ကာလအတွင်း ကုလသမဂ္ဂဝင်နိုင်ငံအချို့ကို ပျက်စီးသွားစေတဲ့ တရားမဝင်စစ်ပွဲတွေကိုတွေ့မြင်နေရပါတယ်။ မြန်မာ၊ ဂါဇာ၊ ဆူဒန်၊ ဟေတီ၊ ကွန်ဂို၊ ယူကရိန်း စတဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ နိုင်ငံတကာဥပဒေတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရမယ့်အန္တရာယ်တွေ ကြုံနေရတယ်၊ ဒါမှမဟုတ် ချိုးဖေါက်ခံနေရပါတယ်လို့ EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Kaja Kallas က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားသွားခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ နယ်မြေချဲ့ထွင်ဖို့ ယူကရိန်းကို တိုက်နေတဲ့ စစ်ပွဲမှာ အီရန်နဲ့မြောက်ကိုရီးယားကိုပါ ဆွဲသွင်းနေပြီး အဲဒီ ၂ နိုင်ငံက ပဲ့ထိန်းထပ်ဒုံးတွေအပါအဝင် စစ်လက်နက်ပစ္စည်းအကူအညီတွေ ရုရှားအတွက်ပေးနေတာကို သူကထောက်ပြ ပြောဆိုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာမှာတော့ အနာဂတ်မှာ ဂါဇာဒေသပါဝင်တဲ့ ပါလက်စတိုင်းနိုင်ငံတခု ပေါ်ပေါက်ရေးကို EU အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်လို့လည်း Kaja Kallas ကပြောဆိုပါတယ်။
ဒီကနေ့ကမ္ဘာကြီးဟာ စစ်အေးကာလမှာကြုံခဲ့ရတာတွေထက်တောင်အန္တရယ်ကြီးမားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရ ပြီး၊ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍဟာ မဖြစ်မနေ လိုအပ်နေဆဲပဲလို့ EU အကြီးအကဲက ပြောကြားခဲ့ပါတယ်။
Forum