မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ (၄) နှစ်တာ ကာလအတွင်း ၂၀၂၄ ခုနှစ်မှာ အရပ်သားတွေ အများဆုံး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်ပါတယ်။
စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှု တစတစလျော့ကျလာချိန်မှာပဲ အရပ်သားတွေအပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ မြို့တွေ၊ ရွာတွေမှာ လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဥပဒေမဲ့ဖမ်းဆီးတာ၊ စစ်မှုထမ်းဖို့ ထောင်နဲ့ချီတဲ့ လူငယ်တွေကို အတင်းအကြပ် ဖမ်းဆီးတာတွေ လုပ်လာကြောင်း ဒီကနေ့ တနင်္လာနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း မဟာမင်းကြီး Volker Türk က ခုလို ပြောလိုက်တာပါ။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့ နိုင်ငံတကာအနေနဲ့ လက်နက်ရောင်းချတာ၊ ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က တိုက်တွန်းပါတယ်။ ကမ္ဘာကြီးမှာ ပဋိပက္ခတွေ တစတစ တိုးပွားလာသလို လူမှုအသိုင်းအဝိုင်း အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေကြောင်းလည်း ထောက်ပြပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ စာရင်းကိန်းဂဏန်းတွေအရ ကမ္ဘာကြီးမှာ ပဋိပက္ခပေါင်း (၁၂၀) လောက် ဖြစ်ပွားနေပြီး စစ်ပွဲတွေကြောင့် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ ကြုံရတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်အတွင်း လူအများအပြား သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ထောက်ပြခဲ့ သလို ဟာမတ်စ်ဖမ်းဆီးထားတဲ့ အစ္စရေး ဓါးစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာအတွက် အကူအညီတွေ အမြန်ဆုံး ပြန်လည်ပေးပို့နိုင်ရေးကိုလည်း တောင်းဆိုခဲ့ပါတယ်။
Forum