သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ အရပ်သား ၅၀၀၀ ကျော်ရှိ - OHCHR


စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ဈေးမီးလောင်ပျက်စီး (ဩဂုတ် ၇၊ ၂၀၂၄)
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ဈေးမီးလောင်ပျက်စီး (ဩဂုတ် ၇၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၅,၃၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကာ၊ စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေထက်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်ထက် နိမ့်ကျပြီး နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာ၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေ အရှိန်အဟုန်နဲ့ ဆုတ်ယုတ်ကျဆင်းလာတာ၊ အကြမ်းဖက်ဖျက်ဆီးမှုနဲ့ လူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးဝါးစွာ သက်ရောက်မှု ရှိနေတာတွေကိုလည်း ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။

တချိန်တည်းမှာပဲ စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်နိုင်ဖို့ နိုင်ငံထဲက လူငယ်တွေ ပြည်ပကို ထွက်ပြေးရတာကိုလည်း ဖော်ပြထားပါတယ်။ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၂၇,၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး၊ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အကောင်အထည် ဖော်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ ဖမ်းဆီးခံရမှုတွေ ပိုပြီး မြင့်တက်လာတာကိုလည်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီက တစုံတရာ ပြောတာတော့ မတွေ့ရသေးပါဘူး။

ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေအရ ကလေး ၈၈ ဦးနဲ့ အမျိုးသမီး ၁၂၅ ဦး အပါအဝင် အချုပ်ထောင်တွေထဲမှာ အနည်းဆုံး လူပေါင်း ၁,၈၅၃ ဦး သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးခဲ့ရသူတွေဟာ အကြမ်းဖက်စစ်ဆေးခံရမှု၊ အကျဉ်းထောင်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် ဆိုးဝါးပြင်းထန်တဲ့ ဆက်ဆံခံရမှုနဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတဲ့အတွက် အသက်ဆုံးရှုံးရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြင်းထန်စွာချိုးဖောက်ကျူးလွန်မှုမှာ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံကြရမှာ ဖြစ်ကြောင်းနဲ့ ဒီအပြုအမူတွေကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ပြီး ဟန့်တားဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ဒီရှာဖွေတွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးရေးကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကထုတ်ပြန်ချက်မှာ ထပ်ပြီးတောင်းဆို ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ အရပ်သား ၅၀၀၀ ကျော်ရှိ - OHCHR
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG