သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကြောင့် လုံခြုံရေးကောင်စီ စောင့်ကြည့်ခံနိုင်ငံတွေထဲ မြန်မာပါဝင်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အမေရိကန် သံအမတ်ကြီး Nikki Haley
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အမေရိကန် သံအမတ်ကြီး Nikki Haley

မြန်မာနိုင်ငံမှာ လက်ရှိဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ရလဒ်အဖြစ် လူ့အခွင့်အရေး တိုးတက်မှုတွေရှိနေပေမဲ့ အစိုးရအာဏာပိုင်တွေနဲ့ ထင်ရှားတဲ့ လူမှုရေး လှုပ်ရှားမှုတွေကြောင့် ဘာသာရေးနဲ့ လူမျိုးရေးဖိနှိပ်မှုတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ Nikki Haley ကပြောကြားလိုက်ပါတယ်။ အရင်ထဲက ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီက ဆက်လက်စောင့်ကြည့်နေတယ်လို့ အင်္ဂါနေ့က လုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေတွေကြောင့် ဒုက္ခရောက်ရသူတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို ထွက်ပြေးကြရသလို အဆိုးဆုံးအခြေအနေမှာ အစွန်းရောက်ဝါဒဆီကို တွန်းပို့သလိုဖြစ်နေတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပဋိပက္ခဆက်စပ်နေတဲ့ကိစ္စကို ဆွေးနွေးတဲ့လုံခြုံရေးကောင်စီအထူးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါတ်သက်လို့ လက်တွေ့ကျတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလိုအပ်တယ်လို့လည်း သူက ပြောသွားပါတယ်။

ဒါကြောင့် ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ မကြာမှီက ဖွဲ့စည်းခဲ့တဲ့အပေါ် လုံခြုံရေးကောင်စီက ထောက်ခံတယ်လို့ လူ့အခွင့်အရေး သံအမတ်ကြီး Nikki Haley ကအင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာနဲ့ နိုင်ငံတကာလုံခြုံရေး၊ ပဋိပက္ခတွေ တားဆီးရေးမှာ လူ့အခွင့်အရေးရဲ့အခန်းဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဆွေးနွေးခဲ့ကြတာမှာ ဆီးရီးယား၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မတ်လက Geneva မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်စည်းဝေးပွဲတုန်းက မြန်မာနိုင်ငံကရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် စွပ်စဲမှုတွေကို စုံစမ်းဖို့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG