သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ သေဆုံးတဲ့ အစ္စရေးတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးမည်


ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်း ၄၅ ဦး သေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒီနေ့ ဆွေးနွေးဖို့ ရှိနေပါတယ်။ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က တိုက်ခိုက်မှုကို လုံးဝလက်ခံနိုင်စရာမရှိကြောင်းပြောခဲ့သလို၊ ကြေကွဲစရာကောင်းတဲ့ အမှားတခုဖြစ်ခဲ့ပါတယ်လို့ ရှင်းပြခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ ရှင်းပြချက်ကိုလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ တနင်္လာနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ Netanyahu က လွှတ်တော်ရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။

“Rafah မှာရွှေ့ပြောင်းနေထိုင်လာသူ တသန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီးဖြစ်ပါတယ်။ မသက်ဆိုင်သူများကို မထိခိုက်စေရေး အစွမ်းကုန် ကြိုးပမ်းနေတဲ့ကြားမှာပဲ ကံမကောင်းချင်တော့ မနေ့က နည်းပညာပိုင်း အမှားအယွင်း ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်၊ အကျိုးအကြောင်းသိတာနဲ့ ဖြေရှင်းချက်ပေးသွားပါမယ်။ ”

ဒီတိုက်ခိုက်မှုမှာ တိုက်ခိုက်မှုအတွင်း ဟားမတ်စ် စစ်သွေးကြွ အကြီးတန်းအရာရှိ နှစ်ဦး သေဆုံးခဲ့ရတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကတော့ အဆိုပါဖြစ်ရပ်ကို ရှုတ်ချပြောဆိုပြီး ဒုက္ခသည် စခန်းထဲက ပုံရိပ်တွေဟာ ကြောက်မက်ဖွယ်ကောင်းကြောင်းနဲ့ အရပ်သားသေဆုံးမှုတွေ များစွာကို ဖြစ်စေခဲ့တဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးနည်းလမ်းတွေဟာ သိသိသာသာပြောင်းလဲမှုမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံတကာတရားရုံးက တိုက်ပွဲတွေချက်ခြင်းရပ်တန့်ဖို့အတွက် ထုတ်ပြန်ထားတဲ့ အမိန့်ကိုလည်း အစ္စရေးအနေနဲ့ လိုက်နာဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကတောင်းဆိုထားပါသေးတယ်။ ဒါ့အပြင် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေပစ်လွှတ်နေတာကိုလည်း ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအရ ဂါဇာကမ်းမြောင်တွင် ကျန်ရှိသော ဓားစာခံ ၁၀၀ ဒါမှမဟုတ် ဟာမတ်စ်တို့ထိန်းချုပ်ထားတဲ့ သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ကလည်း တိုက်ခိုက်မှုကို ‌ဝေဖန်ခဲ့သလို၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီကလည်း ကြေကွဲဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်ကြောင်းနဲ့ အစ္စရေးအနေနဲ့ အရပ်သားတွေကို ကာကွယ်ရေး ကြိုတင်သတိထားလုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG