သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ရှိန်မြှင့်နေတဲ့ အစ္စရေးညှိနှိုင်းဖို့လည်းစဉ်းစားနေ


အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးတွေ ထနေတဲ့ ဂါဇာဒေသက ရာဖာမြို့။ May 25, 2024 (Photo by Eyad BABA / AFP)
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးတွေ ထနေတဲ့ ဂါဇာဒေသက ရာဖာမြို့။ May 25, 2024 (Photo by Eyad BABA / AFP)

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင်ဒေသတလျှောက် ဟားမတ်စ်အဖွဲ့ကို အရှိန်မြှင့်ပြီး စစ်ဆင်နေပေမယ့် တဖက်မှာလည်း လာမယ့်သီတင်းပတ်ထဲမှာ စေ့စပ်ညှိနှိုင်းမှုအသစ် ပြန်စနိုင်ဖို့ အလားအလာတွေ ရှိနေတယ်လို့ထိရှလွယ်တဲ့အခြေအနေကြောင့် အမည်မဖော်လို့တဲ့ တာဝန်ရှိသူတဦးက စနေနေ့မှာပြောပါတယ်။

အစ္စရေးရဲ့ မော့ဆက် (Mossad) ထောက်လှမ်းရေး အကြီးအကဲက အမေရိကန် CIA ထောက်လှမ်းရေး ကြီးအကဲ William Burns နဲ့ ကာတာဝန်ကြီးချုပ် Mohammed bin Abdulrahman bin Jassim Al Thani တို့နဲ့ တွေ့ဆုံပြီးနောက်ပိုင်း စေ့စပ်ညှိနှိုင်းမှုအသစ်အတွက် ဆုံးဖြတ်ချက်ချခဲ့တာလို့ အဲဒီ သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“တွေ့ဆုံမှုအပြီးမှာတော့ လာမယ့် သီတင်းပတ်ထဲမှာ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့ ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အဆိုပြုချက်အသစ်တွေအပေါ် အခြေခံပြီး ဆွေးနွေးကြမယ်” လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ သောကြာနေ့က အမိန့်ချထားပေမယ့် အစ္စရေးတပ်တွေဟာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

ရာဖာမြို့ခံတွေရဲ့ ပြောဆိုချက်အရ ဗုံးတွေ မပြတ်ကြဲနေပြီး ရာဖာ အရှေ့ခြမ်းကို ဝင်ရောက်ခဲ့တဲ့အပြင် အလယ်ပိုင်းနဲ့ အနောက်ပိုင်းကိုလည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ လူတွေကို ကြောက်လန့်ပြီး မြို့ထဲကနေ ထွက်ပြေးအောင် လုပ်တာလို့ ပြောပါတယ်။

ဂါဇာရဲ့ အခြားဒေသတွေမှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး စနေနေ့ တရက်တည်းမှာ ဂါဇာတဝန်း လူ ၃၁ ဥ◌ီး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ အရပ်သားတွေလား၊ စစ်ဘက် အဖွဲ့ဝင်တွေလားဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။

အစ္စရေးဘက်ကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြောက်ပိုင်းက Jabalia ဒေသထဲကိုလည်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး “လက်တကမ်း အနီးကပ် တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း အကြမ်းဖက်သမား ဒါဇင်နဲ့ချီ ရှင်းလင်းနိုင်ခဲ့ကြောင်း” သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာစစ်ရှိန်မြှင့်နေတဲ့ အစ္စရေးညှိနှိုင်းဖို့လည်းစဉ်းစားနေ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG