သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဌာနေကိုယ်စားလှယ် မြန်မာနိုင်ငံမှာ တာဝန်ပြီးဆုံး


မစ္စ Renata Lok-Dessallien (ဘယ်)ကို စစ်တွေလေဆိပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရ။ (နိုဝင်ဘာ၊ ၂၀၁၆)
မစ္စ Renata Lok-Dessallien (ဘယ်)ကို စစ်တွေလေဆိပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရ။ (နိုဝင်ဘာ၊ ၂၀၁၆)

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တာဝန်အပြင် UN OCHA ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အဖြစ် ဆောင်ရွက်နေတဲ့ Ms. Renata Lok-Dessallien ဟာ အခုလကုန်မှာ လက်ရှိ ရာထူး သက်တမ်း ကုန်ဆုံးပြီး ကုလသမဂ္ဂ ဌာနချုပ်မှာ ပြောင်းရွေ့ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက သတင်း ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်မှု အားနည်းခဲ့ တယ်ဆိုတဲ့ တိုင်တန်းချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် အတွင်းရေးမှူးချုပ် ကတော့ သူမကို အပြည့်အ၀ ထောက်ခံကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

Ms. Renata Lok-Dessallien ဟာ UNDP ရဲ့ မြန်မာဌာနေကိုယ်စားလှယ်အဖြစ် ၂၀၁၄ ခုနှစ် ဇန္နဝါရီလကစလို့ လက်ရှိအချိန်အထိ ၄ နှစ် နီးပါးကြာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူမအနေနဲ့ လက်ရှိ ရာထူးကို အခု အောက်တိုဘာလကုန်အထိ တာဝန်ထမ်းပြီး တဲ့နောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ပြောင်းရွေ့ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ကြောင်း Renata Lok-Dessallien က ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရအမျိုးသမီး Eri Kaneko က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်လည်းဖြစ်၊ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှုးလည်း ဖြစ်တဲ့ Renata Lok-Dessallien က သူမ လက်ရှိ ထမ်းဆောင်နေတဲ့ လုပ်ငန်း တာဝန်တွေ ကုန်ဆုံးတော့မှာ ဖြစ်ကြောင်း ဒီကနေ့ဘဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှုးဟာ အခုလကုန်အထိ ကျန်ရှိနေသေးတဲ့ ရက်တွေမှာ ကုလသမဂ္ဂရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ လူ့အခွင့်အရေး၊ စာနာမှုနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မြန်မာနိုင်ငံအတွင်း တိုးတက် ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက်လည်း သူမအနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း Eri Kaneko က ဆက်ပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက်လည်း သူမအနေနဲ့ ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်သလို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အ၀ ရရှိနိုင်ရေး၊ ဒုက္ခသည်တွေ ဂုဏ်သိက္ခာ ရှိစွာနဲ့ ဘေးကင်း လုံခြုံစွာ နေရပ် ပြန်လာနိုင်ရေးအတွက်လည်း မြန်မာနိုင်ငံမှာ ရှိနေစဉ် ကာအတွင်း သူမအနေနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

Renata Lok-Dessallien ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဝေဖန် ပြောဆိုဖို့ ပျက်ကွက်ခဲတယ်၊ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပေါ်နေတယ်ဆိုတဲ့ ဒေသတွေကို ကုလသမဂ္ဂ ထိပ်တန်း လူ့အခွင့်အရေး အရာရှိတွေ မသွားနိုင်အောင် ဟန့်တား ဆောင်ရွက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဌာနချုပ်ကို တိုင်တန်းချက် ထွက်ပေါ်ခဲ့ပြီး တဲ့နောက် အခုနှစ်မှာ သူမရဲ့ လုပ်ငန်း တာဝန်တွေ ပြီးဆုံးတော့မှာ ဖြစ်ကြောင်း ဇန်နနဝါရီလတုန်းက ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

သူမနေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မယ့် ရာထူး အသစ်အတွက်လည်း ကုလသမဂ္ဂက လှစ်လပ်နေရာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူမအနေနဲ့ အခုချိန်ထိ ဆက်လက် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်လာပြီးတဲ့နောက် သူမနဲ့ ပတ်သက်လို့ ဘီဘီစီက သူမ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကုလသမဂ္ဂ ဝန်ထမ်းဟောင်းတွေကို ကိုးကားပြီး သတင်းတွေကို ထပ်မံ ဖော်ပြခဲ့တာမှာ ဌာနချုပ်မှာ သတင်းထောက်တွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

အတွင်းရေးမှူးရဲ့ ပြောခွင့်ရ Stephane Dujarric က အောက်တိုဘာလ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီသတင်းနဲ့ ပတ်သက်လို့ အခုလို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ် အနေနဲ့ ဌာနေကိုယ်စားလှယ် Renata Lok-Dessallien နဲ့ မြန်မာနိုင်ငံမှာ သူဦးဆောင်တဲ့အဖွဲ့ကို ထောက်ခံပါတယ်။ တိုင်ကြားချက်တခု ရှိခဲ့ပါတယ်။ အမှန်ကို ရေးထားတာတွေလည်း တွေ့ရပါတယ်။ ဧပြီလတုန်းက ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် အဖွဲ့ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာပါဝင်တဲ့ အချက်တွေနဲ့ ပတ်သက် ပြီးတော့ ဖုံးကွယ်တာ ထိန်ချန်တာမျိုး မလုပ်ပဲနဲ့ ကျနော်တို့က မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ မြန်မာစစ်ဘက် ဒါမှမဟုတ် အရပ်ဖက်ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ သူတို့တာဝန်တွေကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂက အစဉ်တစိုက် တိုက်တွန်း ခဲ့တာပါ။”

ဌာနေကိုယ်စားလှယ်က အခုလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူ ဆောင်ရွက်မှု နည်းပါးတဲ့ ဝေဖန်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စိုးရိမ်မကင်း ဖြစ်မှုကို အစဉ်တစိုက် ထုတ်ဖော် ပြောကြားခဲ့ပြီး နိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်ဖို့ဟာ အစိုးရမှာသာ အဓိက တာဝန်ရှိတယ်လို့ ပြောပါတယ်။

“မိမိနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်က ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကို မမေ့အပ်ပါဘူး။ အစိုးရမှာ တာဝန်ရှိတာပါ။ အစိုးရက တာဝန်ယူရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ မကြာသေးမီ လအနည်းငယ်အတွင်းက ကုလကြေညာချက် တွေကို ပြန်ပြီး လေ့လာကြည့်မယ်ဆိုရင် လူ့အခွင့်အရေး အခြေအနေ ရခိုင်ပြည်နယ် အခြေနေ လူသားချင်းစာနာမှု အကူအညီတွေ မရနိုင်တာနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မကင်း ဖြစ်မှုကို အမြဲတမ်းပဲ ကုလသမဂ္ဂက ထုတ်ဖေါ်ပြောကြား ခဲ့တာပါ။”

ကနေဒါ နိုင်ငံသူ Ms. Lok-Dessallien ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖြစ် ဘူလ်တန်၊ ဘင်္ဂလာဒေ့ရှ်နဲ့ တရုတ်နိုင်ငံတို့မှာ တာဝန်ထမ်းခဲ့သူဖြစ်ပြီး၊ သူ့ရဲ့ ကုလသမဂ္ဂ ၂၆ နှစ်တာ လုပ်သက်အတွင်း အာရှနဲ့ အာဖရိနိုင်ငံတွေမှာ တာဝန်ထမ်းခဲ့သူဖြစ် ပါတယ်။ အဲဒီ မတိုင်ခင်က သူဟာ ကနေဒါက တက္ကသိုလ်နဲ့ ကောလိပ် အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG