မြန်မာနိုင်ငံဟာ လူသားဖွံဖြိုးမှုဆိုင်ရာမှာ အလယ်အလတ်အဆင့်ကို ရောက်လာပြီလို့ ၂၀၁၆ ခုနှစ်အတွက် ကုလသမဂ္ဂ ကထုတ်ပြန်တဲ့ လူသားဖွံဖြိုးမှု အစီရင်ခံစာမှာ ဖော်ပြ ထား ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ လူသားဖွံဖြိုးမှု အညွန်းကိန်း HDI ဟာ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ အနိမ့်ဆုံး ရှိနေဆဲပါ။ HDI အညွှန်းကိန်း ဒီ့ထက် ပိုတိုးတက်ဖို့ ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဒီ့ထက်ပိုပြီး ရင်းနှီးမြုပ်နှံဖို့လိုတယ်လို့ အစီရင်ခံစာ ပြုစုရေးသားသူ Thomas Kring က ဒီကနေ့ ရန်ကုန်မြို့၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ် UNDP ရုံးမှာလုပ်တဲ့ရှင်းလင်းပွဲအတွင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ရှင်းလင်းပွဲမှာ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။
နိုင်ငံအသီးသီးရဲ့ ပညာရေး လူ့သက်တမ်းနဲ့ ဝင်ငွေတို့ကိုတိုင်းတာပြီး ကုလသမဂ္ဂကနေ နှစ်စဉ် ရေးသားထုတ်ပြန်တဲ့ လူသားဖွံဖြိုး ရေးဆိုင်ရာ အညွန်းကိန်းမှာ မြန်မာနိုင်ငံအနေနဲ့ အလယ်အလတ်အဆင့်ထိ တိုးတက်လာတာပါ။ လူတိုင်းအတွက် လူသားဖွံဖြိုးမှု လို့ အမည်ပေးထားတဲ့ လူသားဖွံဖြိုးမှု အစီရင်ခံစာ ၂၀၁၆ မှာ မြန်မာနိုင်ငံရဲ့အဆင့်ကို UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Renata Lok Dessallien က အခုလိုပြောပါတယ်။
“လွန်ခဲ့တဲ့ငါးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ရမှတ်ဟာ ၅.၇% တိုးတက်ခဲ့ပါတယ်။ အမှတ်တက်လာတဲ့သဘောကတော့ မြန်မာ နိုင်ငံဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံထဲမှာ အဆင့် ၁၄၅ ကို ရောက်လာတာပါပဲ။ ရမှတ်နဲ့ အဆင့်တွေ တိုးတက်လာတာက သိပ်ကိုကောင်းတဲ့သတင်းပါ။ ဒါ့အပြင် အမှတ်တက်လာတာကြောင့် မြန်မာနိုင်ငံဟာ လူသားဖွံ့ဖြိုးမှုဆိုင်ရာ နိမ့်ကျတဲ့အဆင့်ကနေ အလယ်အလတ်အဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။”
ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ လူသားဖွံဖြိုးမှု အညွှန်းကိန်းမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်တောင်မှ အနိမ့်ဆုံး အခြေအနေမှာ ရှိနေသေးပြီး ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကျန်းမာရေးနဲ့ ၅ နှစ်အောက်ကလေး သေဆုံးမှုမှာလည်း တောင်အာရှ ရဲ့ ပျမ်းမျှအဆင့်အောက်မှာ ရှိနေဆဲဖြစ်တာကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ရတဲ့အခြေအနေကို ရှင်းပြသူက တော့ အစီရင်ခံစာရေးသားသူတဦးလဲဖြစ်၊ UNDP ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လဲဖြစ်တဲ့ Thomas Kring ကအခုလိုပြောပါတယ်။
“မြန်မာနိုင်ငံဟာ အတိတ်ရဲ့ဒဏ်ကို သိပ်ခံစားနေရပါတယ်။ စီးပွားရေးကိုဖွင့်ပေးတယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်လာ တယ် စတာတွေတွေ့ရပါတယ်။ ဒါပေမယ့် လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းဟာ သိပ်ကိုဖြေးနှေး တဲ့နှုန်းနဲ့ ပြောင်းလဲတဲ့အညွှန်းကိန်းပါ။ လူ့သက်တမ်းအကြောင်း ကျနော်တို့ပြောကြပါတယ်။ မွေးကင်းစကလေး သေဆုံးနှုန်းကိုလေ ျှာ့ချပြီး ဒီအပိုင်းကို တိုးတက်အောင် ခပ်မြန်မြန်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကဏ္ဍအားလုံး တိုးတက်ဖို့ကတော့ အချိန်သိပ်ယူရပါတယ်။ နောက်တပိုင်းကတော့ ပညာရေး ပါ။ ဒီထဲမှာ ပညာစသင်တော့မယ့် ကလေးငယ်တွေရဲ့ပညာရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ပညာရေးလဲ ပါပါတယ်။ လွန် ခဲ့တဲ့နှစ် ၂၀ က ကျောင်းထွက်သွားသူတွေရဲ့ ပညာရေးက တိုးတက်တော့မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒါဟာ သိပ်နှေးတဲ့နှုန်း နဲ့ ပြောင်းလဲတဲ့ အညွှန်းကိန်းဖြစ်ပြီး နိုင်ငံလူဦးရေ တယောက်ချင်းစီအနေနဲ့ အဆင့်မြင့်ပညာကို သင်ယူနိုင်မှပဲ တိုးတက်နိုင်မှာဖြစ်ပါ တယ်။”
ဒီအခြေအနေကနေ ပြောင်းလဲပြီး တိုးတက်ဖို့ လုပ်သင့်တာတွေကိုလဲ Thomas Kring က အခုလို အကြံပေး ပြောဆိုသွားပါတယ်။
“တိုးတက်ဖို့အတွက် ဘာလုပ်ရမလဲဆိုတာကတော့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ မှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးမှု ကနေ အားလုံး အကျိုးခံစားနိုင်အောင် လုပ်ဖို့ပါ။ အဲဒီလိုလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေကို အမီ လိုက်ပြီး တိုးတက်လာတာကို မြင်ရမှာ ဖြစ်ပါတယ်။”
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း ၁၉၉၀ ကနေ ၂၀၁၅ ခုနှစ်အထိ နိုင်ငံအားလုံးမှာ ပျမ်းမျှ လူသားဖွံဖြိုးမှု တိုးတတ်လာပေမယ့်လို့ လူပေါင်း ၁.၅ ဘီလီယံ နီးပါးကတော့ ကျန်းမာရေး ပညာရေးနဲ့ လူမှုအဆင့်အတန်းတို့မှာ အားနည်းမှုတွေ နဲ့ ရင်ဆိုင်နေရပြီး ဆင်းရဲနွမ်းပါးမှု အခြေအနေမျိုးစုံ မှာ နေထိုင်နေရ ဆဲဖြစ်တယ် လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။