သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးဆွေးနွေး


Yellow colored trees stand on a meadow under a blue sky in a park in Frankfurt, Germany.
Yellow colored trees stand on a meadow under a blue sky in a park in Frankfurt, Germany.

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေးအခြေအနေတွေကို ဆန်းစစ်နိုင်ရေးကို ဆွေးနွေးခဲ့ဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဒုတိယနေ့ ခရီးစဉ်မှာတော့ အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေကို တိုင်းတာနိုင်ဖို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီနေ့ ပါဝင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးအရေးလှုပ်ရှားသူ မမေစံပယ်ဖြူက အခုလို ပြောပြပါတယ်။

“သူ့ရဲ့ ဆက်နေရမယ့် သက်တမ်း ၁ နှစ်အတွင်းမှာ အခုအစိုးရအသစ်လည်းပြောင်းပြီ ဆိုတဲ့အခါကျတော့ အခု မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲမှုရှိမရှိပေါ့ ဘာတွေတိုးတက်ပြောင်းလဲမှု ရှိတယ်မရှိဘူးဆိုတာကို ကျမတို့တွေက ဘယ်လိုတိုင်းတာမှာလည်းပေါ့ အဓိကတော့ တိုင်းတာနိုင်တဲ့ Benchmark တွေကို ကျမတို့လူမှုအဖွဲ့အစည်းတွေနဲ့ အတူတကွဆွေးနွေးကြတာဖြစ်ပါတယ်။”

ဒီကနေ့ မနက် ၉ နာရီခန့်က ရန်ကုန်မြို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ UNDP ရုံးမှာပဲ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ကျားမတန်းတူအခွင့်အရေး၊ အမျိုးသမီးအရေး၊ နိုင်ငံရေးအကျဉ်းသားတွေအရေး၊ ကျောင်းသားတွေအရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် စတဲ့ အကြောင်းအရာရဲ့ တိုးတက်မှုတွေကို ဆန်းစစ်နိုင်ဖို့ ၃ နာရီကြာဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားသူ မမေစံပယ်ဖြူကတော့ သူ့အနေနဲ့ အခုလို အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံအစိုးရက လက်တလော Universal Periodic Review (UPR) မှာ မြန်မာနိုင်ငံအစိုးရကို တခြားနိုင်ငံက အစိုးရတွေက ရေးကြတဲ့ Recommendation တွေရယ် ၊ ဒီ CEDAW က မြန်မာနိုင်ငံအစိုးရကို ပေးထားတဲ့ အကြံပြုတိုက်တွန်းချက်တွေအပေါ်မှာ အခြေခံပြီးတော့ ကျမတို့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကျမတို့အမျိုးသမီးတွေ အဖွဲ့ဘက်ကနေ ဖြစ်သင့်တယ်လို့ယူဆတဲ့ အကြံပြုချက်တွေကို Benchmark ထားဖို့အတွက် ကျမတို့ဘက်ကလည်း အကြံပြုဆွေးနွေးခဲ့တယ်ပေါ့နော်။”

Ms. Yanghee Lee ဟာ နေ့လည်ပိုင်းမှာတော့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အရေး၊ ရခိုင်ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေး စ တဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိအပြောင်းအလဲကာလတွင်း ပြည်တွင်းပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်း ကြရာမှာ ကုလသမဂ္ဂအနေနဲ့ ပူးပေါင်းပါဝင်ဖို့ အကြံပြုခဲ့တယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလို ပြောပါတယ်။

“အဓိကတော့ ကျနော်တို့အသင်းက ပြဿနာတွေကတော့ ကျနော်တို့ပဲ ဖြေရှင်းရမှာပါ။ ဒါပေမယ့် ကုလသမဂ္ဂအဖွဲ့အစည်း ကနေတဆင့် ကျနော်တို့ နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးရမယ့်အခြေအနေတွေရှိမယ်ဗျာ။ အဲဒါတွေကို ကျနော်တို့ကတော့ အကြံပြုဆွေးနွေးတာပါပဲ။ ကျနော်တို့ တိုင်းပြည်မှာ အပြောင်းအလဲဖြစ်နေတဲ့ ကာလတွေမှာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲနိုင်ဖို့ကိစ္စတွေ ၊ နောက် ပြဿနာတွေကို ဥပဒေဘောင်ထဲကပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ကိစ္စတွေ အဲဒါတွေကို နိုင်ငံတကာကနေ ဝိုင်းဝန်းကူညီပေးဖို့ ကျနော်တို့အကြံပြုတာတွေ ရှိပါတယ်။ ကျနော်တို့ဘက်က အချက်အလက်တွေပေးတာလည်း ရှိပါတယ်။”

Ms. Yanghee Lee ဟာ ဒီခရီးစဉ်တွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်မှာလည်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG