သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် Yanghee Lee ဒေါ်စုနှင့် တွေ့မည်


ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်မြို့သို့ရောက်ရှိလာစဉ် (MOI)
ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ရန်ကုန်မြို့သို့ရောက်ရှိလာစဉ် (MOI)

ဇွန်လ (၁၉)ရက်နေ့ကနေ ဇူလိုင်လ (၁)ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ တနင်္လာနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် လူမှုအသိုင်းအဝိုင်းနှစ်ဘက်ကြားပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်သလို မြန်မာစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်ကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ သူ့ရဲ့အကြံပြုတင်ပြချက်တွေကို ထိရောက်မှုရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း စစ်ပြေးဒုက္ခသည်အရေးဆောင်ရွက်ပေးနေသူတွေကလည်း အကြံပြုပြောကြားလိုက်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်တင်ဆက်မှာပါ။

Ms. Yanghee Lee ရဲ့ အခုခရီးစဉ်ဟာ NLD အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်ဖြစ်သလို၊ ၂၀၁၅ အောက်တိုဘာလက ကုလသမဂ္ဂညီလခံမှာ သူ အစီရင်ခံ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ပြောင်းလဲလာခြင်းရှိမရှိ လာရောက်ကြည့်ရှုတာ လည်းဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမယ့် အစီအစဉ်အပါအဝင် Ms. Yanghee Lee ရဲ့အခြားခရီးစဉ်နဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နေပြည်တော်မှာလာတွေ့မယ်။ တွေ့ပြီးတာနဲ့ ရန်ကုန်ပြန်မယ်ပေါ့နော်။ ပြီးတာနဲ့ ရန်ကုန်ကနေပြီးတော့ ရခိုင်ပြည်နယ်သွားမယ်။ ရခိုင်ပြည်နယ်မှာ ၁ ညအိပ်ပြီးတာနဲ့ ရန်ကုန်ပြန်လာမယ်။ ပြန်လာပြီးတာနဲ့ ကချင်ပြည်နယ်သွားမယ်။ ကချင်ပြည်နယ်မှာ တည အိပ်ပြီးတာနဲ့ ရှမ်းပြည်နယ်ကိုသွားမယ်။ ရှမ်းပြည်နယ်မှာ တညအိပ်ပြီးတာနဲ့ ရန်ကုန်ပြည်သွားမယ်။ ရန်ကုန်မှာ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့မယ်။ အင်းစိန်အကျဉ်းထောင်သွားမယ်။ နောက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့တွေ့မယ်။ နောက် NRPC နဲ့တွေ့မယ် ပြီးတာနဲ့ နေပြည်တော်လာမယ်။ နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့တွေ့မယ်။ လေးညလောက်ရှိပြီးတော့ ရန်ကုန်ပြန်သွားမယ်။ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြန်မယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်လို့ လူမှုအသိုင်းအဝိုင်းနှစ်ဘက်အကြား အခြေအနေတွေပိုပြီးဆိုးရွားမသွားရအောင် ရိုဟင်ဂျာ အစား ရခိုင်ပြည်နယ်ကမွတ်ဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်းဖို့ ဂျီနီဗာမှာကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံမှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း မြန်မာအစိုးရကတိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း Ms. Yanghee Lee အနေနဲ့ ဒီတိုက်တွန်းချက်ကို သူ့ရဲ့ခရီးစဉ်အတွင်း နားလည်ဖို့ လိုကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

“အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂမှာပြောထားတဲ့အတိုင်း အဲဒီဟာကိုတော့ သူတို့လေးစားရမယ်။ သူတို့အခုသုံးနှုန်းတာကနိုင်ငံတကာမှာက ရိုဟင်ဂျာလို့သုံးတယ် ဒါကိုကျနော်တို့ကလက်မခံဘူး။ ရိုဟင်ဂျာသုံးခြင်းသည် ပြည်တွင်းမှာ ပြဿနာဖြေရှင်းရေးထက် ပြဿနာတွေကို ပိုကြီးထွားလာစေတယ် ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်သံအမတ်အသစ်က ရိုဟင်ဂျာ သုံးလိုက်တာနဲ့ အမေရိကန်သံရုံးအရှေ့အပါအဝင်ပေါ့နော် တိုင်းဒေသကြီးပြည်နယ်တွေမှာ ဆန္ဒပြမှုတွေဖြစ်ပွားတယ်။ အဲဒီတော့ ပြဿနာဖြေရှင်းရေးကို အထောက်အကူမပြုဘူး။ ပြဿနာကို ပိုပြီးကြီးထွားစေတဲ့ဟာဖြစ်တယ်။ ဒါကိုတော့ Yanghee Lee အပါအဝင်ပေါ့နော် နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်ဖို့လိုတယ်။”

မြန်မာစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေကိုသွားရောက်ကြည့်ရှုမယ့် Ms. Yanghee Lee ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အခုချိန်ထိ ဒုက္ခသည်တွေနေရပ်ပြန်နိုင်မှုမရှိသေးတဲ့အပေါ်မှာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာအစိုးကိုတင်ပြထားတဲ့ သူရဲ့အကြံပြုချက်တွေကို ထိရောက်မှုရှိအောင်ဆောင်ရွက်ဖို့လိုကြောင်း ကချင်ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ညှိုနှိုင်းရေးမှုး ခွန်ဂျာက ပြောပါတယ်။

“ကျမတို့ကချင်ဒေသမှာဆိုရင်တော့ အရင်ကတည်းကလည်း သူ့ report တွေမှာ ပါလေ့ပါထ ရှိပါတယ်။ အဲဒီတော့ အခုအချိန်မှာဆိုရင်တော့ တိတိကျကျအနေနဲ့ ဘယ်နှစ်လအတွင်းမှာ ၊ ဘယ်နှစ်ရက်အတွင်းမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်ပါတယ် ဆိုတဲ့ အကြံပြုချက်မျိုးကို ထည့်သင့်ပါတယ်ရှင့်။ နောက်တခုကတော့ ကျမတို့ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဒီလိုအကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့မှ မိမိနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့အတွက် ဒီမိုကရေစီကို ဦးစားပေးတဲ့နိုင်ငံတခုအနေနဲ့ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ ယူဆပါတယ်။”

ဒါ့အပြင် စစ်ကိုရှောင်တိမ်းနေရတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ ခွန်ဂျာကဆိုပါတယ်။

“ဒီဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဟာ အင်မတန်မှ အခက်အခဲဖြစ်နေပါတယ်။ အဲဒီတော့ ဒီ ဒုက္ခသည်တွေကို ဖူလုံစွာထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းသည့်သလို နိုင်ငံတကာ ရန်ပုံငွေအဖွဲ့အစည်းများကိုလည်း တိုက်တွန်းသင့်ပါတယ်။ ဒီဒုက္ခသည်တွေဟာ ရန်ပုံငွေမရှိတဲ့အခါမှာ အခက်အခဲတွေကြောင့်မို့လို့ လူကုန်ကူးခြင်းပေါ့နော် ဒီဝမ်းစာရှာဖွေဖို့အတွက်အပြင်ထွက်ရင်းနဲ့ လူကုန်ကူးခြင်း ၊ မြေမြုပ်မိုင်းများနင်းမိခြင်း ၊ တိုက်ပွဲတွေကြားမှာ ရှာဖွေစားသောက်ရတဲ့အခါကျတော့ အသက်ဆုံးရှုံးမှုတွေလည်း ဖြစ်နေပါသေးတယ်ရှင့်။”

မနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်သွင်းခဲ့တဲ့ Ms. Yanghee Lee ရဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာ၊ လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာဟာ အနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်တွေအဖြစ်နဲ့ဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG