မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ဟာ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း ဂျနီဗာ ကုလသမဂ္ဂရုံးက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသစ် တက်လာခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်တာလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၂၀ ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ၁၂ ရက်ကြာ လာရောက်မယ့် မြန်မာခရီးစဉ်အတွင်း လူ့အခွင့်ရေးဆိုင်ရာ ကျယ်ပြောတဲ့ ပြဿနာရပ်တွေကို အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ သာမက လူ့အခွင့်ရေး ချိုးဖောက်ခံခဲ့ရသူတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။
အစိုးရသစ်တက်လာပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေး အပြောင်းအလဲတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ပြီး ရေရှည်ငြိမ်းချမ်းရေး ရအောင် လုပ်နေချိန်မှာ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိရအောင် ကိုယ်တိုင်လေ့လာချင်တဲ့ ဆန္ဒရှိကြောင်း မစ္စ Yanghee Lee ရဲ့ ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။
မစ္စ Yanghee Lee ဟာ အစိုးရသစ်ရဲ့ ရက် ၁၀၀ လုပ်ငန်းစဉ်တွေနဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကိုပါ လေ့လာပြီး တိုးတက်မှု ဘယ်လောက်ရှိတယ်၊ ကုလသမဂ္ဂက ဘယ်နေရာမျိုးမှာ နည်းပညာဆိုင်ရာ ဦးစားပေးကူညီရမယ် ဆိုတာတွေကို လေ့လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်း ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေ အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သူ အရင်တင်သွင်းခဲ့တဲ့ အကြံပေးချက်တွေနဲ့ ပတ်သက်ပြီး ဘယ်အတိုင်းအတာထိ အကောင်ထည်ဖော် လုပ်ဆောင်နေတယ် ဆိုတာတွေကိုပါ ဆန်းစစ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက မပြန်ခင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားသလို စက်တင်ဘာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကျရင်လည်း အခု ခရီးစဉ်နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေကို တင်သွင်းမှာလည်း ဖြစ်ပါတယ်။