သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ ကိုင်တွယ်ပုံ ကုလမှာတင်ပြ


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ေ၀ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဆွေးနွေးတင်ပြနေစဉ် (ဇွန်လ ၁၄ ရက်)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ေ၀ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဆွေးနွေးတင်ပြနေစဉ် (ဇွန်လ ၁၄ ရက်)

ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ဖို့ ဖွံဖြိုးမှုကို အခြေခံတဲ့ ရေတိုရေရှည် နည်းလမ်းတွေကို NLD အစိုးရသစ်အနေနဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဂျီနီဗာမှာကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်က မူဆလင်လူနည်းစုခေါင်းဆောင်တွေက ဘိုးဘွား ဘီဘင်လက်ထက်ကတည်းကနေထိုင်လာတဲ့ မူဆလင်တွေကို ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ တင်ပြခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ဇွန်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ သံအမတ်ကြီးဦးမောင်ဝေက အင်္ဂါနေ့က အခုလိုပြောကြားခဲ့ပါတယ်။

"ဒီကနေ့မြန်မာအစိုးရဟာ ၁၉၆၂ခုနှစ်နောက်ပိုင်း ဒီမိုကရေစီနည်း အရ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံးအစိုးရဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်ဆောင်ပေးပါမယ် ဆိုတဲ့ ကတိတွေအများအပြားပေးမှာမဟုတ်ပေမဲ့ လက်တွေ့ဆောင်ရွက်ရမှာ ပိုပြီးထိရောက်အောင်လုပ်ပြဖို့ ကြိုးစား သွားမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ လူ့အခွင့်အရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ရမှာ အရင်နဲ့မတူအောင် နည်းလမ်းတွေချမှတ် အကောင်အထည်ဖေါ်မှာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဖွံဖြိုးမှုကိုအခြေခံပြီး ဘက်စုံကတိုးတက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်မှာ ရေတို နဲ့ရေရှည်အဖြေရှာမယ့် နည်းလမ်းတွေကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်အရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ကိုင်တွယ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ မူဆလင်လူနည်းစုတွေရဲ့ အမြင်ကို ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့နိုင်ငံရေး အကျဉ်းသားဟောင်း လည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးကျော်လှအောင်က အခုလိုပြောပါတယ်။

" အဲ့တာတွေတော့ ကောင်းတာပေါ့။ ဒါပေမဲ့ သူက ဒီက အခြေအနေကို ဃဃဏဏ သိဖို့လိုတယ်။ ဒီကလူတွေက နိုင်ငံခြားက ဝင်လာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ အဲ့တာတွေကို ၁၉၄၈ ကစပြီးတော့ မဲထည့်လာတဲ့ စာရင်းကိုသွားကြည့်ရင် အစိုးရဆီမှာ ရှိမှာပါ။ ဒါတွေက ဥပဒေနဲ့ဆိုင်တယ်လေ။ ဥပဒေမှာ က မြေစာရင်းမှာလည်း ဒါတွေ ရှိမှာပဲ။ အရင်က ယူအန်က လူကြီး တယောက်တောင်မှ ကျနော့်ကိုပြောခဲ့တယ်။ ကျနော်တို့ မြေစာရင်းတွေ အားလုံးမှာ ရှိတာပဲ။ အဲ့တာတွေကို ဥပဒေအတိုင်း ကိုင်မယ်ဆိုရင် အားလုံးပြေလည်သွားမှာပဲ။ အဓိက က ဥပဒေစိုးမိုးမှုက သိပ်အရေးကြီးတယ်။ သူတို့က ဘာသာနဲ့လူမျိုးကို မခွဲခြားပဲနဲ့ အဲ့လိုသာ သွားမယ်ဆို အဆင်ပြေသွားမယ်လို့ ကျနော်တို့ ယူဆတယ်။။"

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးစာရင်းတွေစတင်ကောက်ယူနေတာနဲ့ပတ်သက်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ မူဆလင် လူနည်းစုခေါင်းဆောင် တချို့ နဲ့တွေ့ဆုံပြီး ရှင်းလင်းပြောဆိုရာမှာ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို လည်း တင်ပြခဲ့ကြောင်း ဦးကျော်လှအောင်က ပြောပါတယ်။

"ပုံစံ ၄နဲ့သွားရမယ်ဆိုပြီး လုပ်ပစ်လိုက်တော့ လူတွေမှာ အများကြီး အခက်အခဲဖြစ်နေ တယ်။ အခု တက္ကသိုလ် ဝင်တန်းအောင်ပြီးတော့ တက္ကသိုလ်ကို တက်ဖို့ဟာ လည်း မရဘူး။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံသား မဖြစ်လို့။ တက်ခွင့်မပေးဘူးဆိုပြီး အဲ့လိုပဲ ဖြေကြတယ်။ သူတို့က။ ဒီတခါ မိုးသက်လေပြင်းမှာ အဆောင်တွေ တော်တော်ပျက်စီးသွားတယ်။ အဲ့တာတွေကို သူတို့ လာကြည့်ဖို့ကောင်းတယ်။ အဲ့တာတွေကို ပြင်ပေးဖို့ကောင်း တယ်။ နောက် ကျောင်းတွေ ဘာတွေ မလုံလောက်ဘူး။ "

UN Human Rights Commissioner Zeid Ra’ad Al Hussein
UN Human Rights Commissioner Zeid Ra’ad Al Hussein

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein ကလည်း ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြား တိုင်းရင်းသား လူနဲစုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာကို ဇွန်လ (၂၉)ရက်နေ့မှာ သူကိုယ်တိုင် ညီလာခံမှာ တင်သွင်းဖို့ရှိတယ်လို့လည်း တနင်္လာနေ့က အဖွင့်မိန့်ခွန်းမှာထည့်သွင်းပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG