သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရက်စက်မှုက မြန်မာပြည်သူတွေကို ကာကွယ်ဖို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီး တောင်းဆို


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Türk
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Türk

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကနေ ပြည်သူအားလုံးကို အကာအကွယ်ပေးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အားထုတ် အာရုံစိုက်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Volker Türk က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန် ဆွေးနွေးပွဲအတွင်း တောင်းဆိုလိုက်ပါတယ်။

"အာရုံစိုက်ခံရတဲ့ ကမ္ဘာ့နိုင်ငံရေးတွေနဲ့ဝေးရာမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးတခုလို အသွင်ပြောင်းသွားခဲ့တယ်" လို့ ပြောဆိုသွားပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း သူနောက်ဆုံးတင်ပြခဲ့တဲ့ စက်တင်ဘာလထဲကဆိုရင် လက်နက်ကိုင်ပဋိပက္ခတွေ တနိုင်ငံလုံးနီးပါး ပျံ့နှံ့နေပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကောင်မရှင်နာမင်းကြီး Volker Türk ကထောက်ပြပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေမှာ အရပ်သားပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးနေတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

နိုင်ငံရေးမှုနဲ့ ဖမ်းဆီးသူတွေကို စနစ်တကျနှိပ်စက်တာ၊ အသက်သေဆုံးတဲ့အထိ အလွန်အကျူးလုပ်တာတွေကိုလည်း လူ့အခွင့်အရေးကောင်စီက မှတ်တမ်းတွေ ရရှိထားတယ်လို့ ပြောပါတယ်။ အရပ်သားတွေနေထိုင်တဲ့ နေရာတွေနားမှာ စစ်ဆင်ရေးလုပ်တာ ချက်ချင်းရပ်ပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ လူ့အခွင့်အရေးကောင်မရှင်နာမင်းကြီးက တောင်းဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိအောင် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့တွေအပါအဝင် အဓိကကျနေသူအားလုံးနဲ့ ဆွေးနွေးမှုတွေလုပ်ပြီး အာဆီယံနဲ့ အမေရိကန်အနေနဲ့ ချဉ်းကပ်မှုအသစ်တွေလုပ်ပါလို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကောင်မရှင်နာမင်းကြီး Volker Türk ကဒီနေ့ တောင်းဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG