သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီအတွင်း တိုက်ခိုက်မှုတွေ ရပ်ဖို့ ဟူသီသူပုန်ကို လုံခြုံရေးကောင်စီ တောင်းဆို


ပင်လယ်နီတွင်းဖြတ်သန်းခုတ်မောင်းနေတဲ့ ကုန်တင်သင်္ဘော Galaxy Leader ပေါ်မှာပျံသန်းနေတဲ့ ဟူသီစစ်ရဟတ်ယာဥ်။ (နိုဝင်ဘာ ၂၀၊ ၂၀၂၃/ရိုက်တာ)
ပင်လယ်နီတွင်းဖြတ်သန်းခုတ်မောင်းနေတဲ့ ကုန်တင်သင်္ဘော Galaxy Leader ပေါ်မှာပျံသန်းနေတဲ့ ဟူသီစစ်ရဟတ်ယာဥ်။ (နိုဝင်ဘာ ၂၀၊ ၂၀၂၃/ရိုက်တာ)

ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာ ချက်ခြင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယီမင်အခြေစိုက် ဟူသီသူပုန်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒေသတွင်း တင်းမာမှု မဖြစ်ပွားအောင် ထိန်းထိန်းသိမ်းသိမ်းကာကွယ်နေတဲ့ အမေရိကန် ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အကြောင်း သွယ်ဝိုက်ပြသလိုက်တာပါ။ အမေရိကန် ဦးဆောင်တင်သွင်းတဲ့အဆိုပြုချက်ကို နိုင်ငံ ၁၁ နိုင်ငံက ထောက်ခံပြီး မဲမပေးတဲ့နိုင်ငံ ၄ နိုင်ငံ ရှိပေမဲ့လည်း ကန့်ကွက်သူ မရှိခဲ့ပါဘူး။ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ ဆက်နွယ်ပတ်သက်တယ်ဆိုပြီး ဟူသီသူပုန်တွေ ဖမ်းထားတဲ့ ဂျပန်နိုင်ငံပိုင် Galaxy Leader သင်္ဘောကို ပြန်လွှတ်ပေးဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

အာရှ၊ မြောက်အမေရိကနဲ့ ဥရောပကိုပို့တဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်း သွားလာနေတဲ့ ပင်လယ်နီအတွင်းမှာ ကုန်တင်သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်နေပြီး ဒီလို တိုက်ခိုက်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို အဟန့်အတားဖြစ်စေကြောင်းနဲ့ ရေကြောင်းသွားလာခွင့်နဲ့ လွတ်လပ်ခွင့်တွေအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်စေကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုထားတာပါ။

ကုန်တင်သင်္ဘောတွေဟာ တခြား ဘေးကင်းတဲ့ လမ်းကြောင်းတွေကတဆင့် ကုန်တွေပို့နေရတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်တွေ အဆမတန်မြင့်နေပါတယ်။ ဂါဇာမှာ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တဲ့အချိန်ကတည်းက ဟားမတ်စ် စစ်သွေးကြွတွေကို ထောက်ခံတဲ့အကြောင်း ပြသပြီး နိုဝင်ဘာလ တတိယပတ်အတွင်းကစလို့ ပင်လယ်နီထဲက ကုန်တင်သင်္ဘောတွေကို (ဟူသီသူပုန်တွေက) တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG