{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး သေဆုံးရတဲ့ အရပ်သား ထောင်ကျော်နေပြီ ဖြစ်ကြောင်းနဲ့ ဒီအရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ စစ်တပ်နဲ့ရဲကို ကုလသမဂ္ဂက ဆက်လက်တောင်းဆို နေပါတယ်။
" မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ ဖြစ်ပွါးစဉ် သေဆုံးရတဲ့ အရပ်သားက ၁ ၀၀၀ ကျော်နေပြီဖြစ်ပြီး စစ်တပ်နဲ့ရဲ လုံခြုံရေးတွေ အနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးကြဖို့ မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂအဖွဲ့တွေက ဆက်လက်တောင်းဆိုကြောင်း " ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကြပြီး ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရဲနဲ့စစ်တပ်က သေကြေလောက်စေတဲ့ အင်အားသုံးနှိမ်နင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ အတွက် ဌာနေကုလသမဂ္ဂအဖွဲ့တွေ က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြတာပါ။
ဒါ့အပြင် တရားမဲ့ သတ်ဖြတ် ဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှင်းပမ်း မတရားပြုကျင့်မှုတွေ၊ လူပါ ဘယ်ရောက်နေမှန်း မသိပဲ ပျောက်သွားတာတွေ အပါအဝင် ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အတွက်ပါ ရှုတ်ချခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ကနေ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာ သိမ်းယူခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လကျော်ကာလအတွင်း အဖမ်းဆီးခံနေရသူက ၃၃၀၀ ကျော်ရှိနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ လူ့အခွင့်ရေး လှုပ်ရှားသူတွေ။ ကျောင်းဆရာတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဝန်ထမ်းတွေ၊ သတင်းသမားတွေ၊ ရဟန်းသံယာတွေ၊ မင်းသားမင်းသမီးတွေ သာမက သာမန်ပြည်သူတွေပါ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။
....................................................
{{Unicode}}